ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီရဲ့ ပူးတွဲ အသင်းပိုင်ရှင်လည်း ဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းက သူဟာ အခြား သန်းကြွယ်သူဌေးတွေနဲ့ ပူးပေါင်းကာ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဒေးဗစ် ဘက်ခမ်းက DB Venture ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တခုကို ပိုင်ဆိုင်သလို သူ့ရဲ့ ဇနီးသည် ဗစ်တိုးရီးယား ဘက်ခမ်းကလည်း အောင်မြင်တဲ့ ဖက်ရှင်ကုမ္ပဏီ များစွာကို ပိုင်ဆိုင်သူပါ။

Photo Credit: Standard

ဒေးဗစ် ဘက်ခမ်းရဲ့ မိသားစုက ယူရို ၁ဘီလီယံ ဝန်းကျင်သာ ကြွယ်ဝ ချမ်းသာပေမယ့် ဘက်ခမ်းရဲ့ အောင်မြင်ကျော်ကြားမှုနဲ့ စီမံခန့်ခွဲမှု ကောင်းမွန်တဲ့ အချက်တို့ကြောင့် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘီလီယံနာ တချို့က ဘက်ခမ်းနဲ့ ပူးပေါင်းကာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ အစီအစဉ် ဆွဲနေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဒေးဗစ် ဘက်ခမ်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင် မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုဟာ ယူနိုက်တက်ကို ရောင်းချသင့်ပြီလို့ ပြောဆိုခဲ့သလို သူဟာ အခြား ဘီလီယံနာတွေနဲ့ ပူးပေါင်းကာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူချင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Photo Credit: Caught Offside

ဒေးဗစ် ဘက်ခမ်းက – “ကျွန်တော်က အခုချိန်မှာ အတော်လေး အလုပ်များနေသလို ကျွန်တော့်ရဲ့ အင်တာ မိုင်ယာမီ အတွက် အာရုံစိုက်ပြီး လုပ်ကိုင်နေပါတယ်။ ယူနိုက်တက်ကို ဝယ်ယူချင်တဲ့ သန်းကြွယ်သူဌေးတွေက ကျွန်တော့်ဆီ ဆက်သွယ်လာတာမျိုး မရှိသေးပေမယ့် မန်ချက်စတာ ယူနိုက်တက်ကို ပိုင်ဆိုင်ခွင့် ရမယ် ဆိုတဲ့ အခွင့်အရေးက ကျွန်တော့်အတွက် ကမ္ဘာကြီး တခုလိုပါပဲ။ (မန်ချက်စတာ ယူနိုက်တက်ကို ပိုင်ဆိုင်ချင်ကြောင်း ရည်ရွယ်လျက်) အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူးလေ။ ကျွန်တော်တို့တွေက လာမယ့် ရက်သတ္တပတ်တွေ ၊ လတွေမှာ ဘယ်လိုမျိုးတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။ ပြီးတော့ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သတ်ပြီး တိကျတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ကို ပိုင်ဆိုင်ခွင့် ရမယ့် အဖွဲ့ထဲ ပါဝင်သည် ဖြစ်စေ ၊ မပါဝင်သည်ဖြစ်စေ အမြဲတမ်း ယူနိုက်တက်ရဲ့ ပရိသတ် တဦး ဖြစ်နေမှာပါ။ ကျွန်တော်က ယူနိုက်တက်ရဲ့ ပွဲတွေကို သွားကြည့်မယ် ၊ အသင်းကို အမြဲတမ်း အားပေးနေပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာတော့ ကာတာစော်ဘွား တဦး ဖြစ်သူ အယ် သနီနဲ့ ဗြိတိန်ရဲ့ နာမည်ကျော် ဘီလီယံနာ ရက်ကလစ်ဖ်တို့က မန်ချက်စတာ ယူနိုက်တက်ကို ဂလေဇာမိသားစုရဲ့ လက်ထဲကနေ ပြန်ဝယ်ဖို့ ကမ်းလှမ်းမှုတွေ အသီးသီး လုပ်ထားကြပြီး ဂလေဇာမိသားစုက မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချမလား ၊ ဆက်လက် ထိန်းသိမ်းထားမလား ဆိုတာကို ဆုံးဖြတ်ချက် ချရတော့မှာပဲ ဖြစ်ပါတယ်။