ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့်ဟောင်း တဦး ဖြစ်သလို လက်ရှိမှာ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီကိုလည်း ပိုင်ဆိုင်ထားတဲ့ ဒေးဗစ် ဘက်ခမ်းကတော့ အရောင်းစာရင်း တင်ခံထားရတဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ဆန္ဒရှိနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တခုက ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကို ပိုင်ဆိုင်တဲ့ အမေရိကန် သန်းကြွယ်သူဌေး မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက ယမန်နေ့မှာပဲ သူတို့အသင်းဟာ ရင်းနှီးမြှုပ်နှံသူအသစ် ၊ ပိုင်ရှင်အသစ်ကို ရှာဖွေနေကြောင်း အသင်းရဲ့ ဘုတ်အဖွဲ့ကနေ တရားဝင် စာထုတ်ပြန်ကာ အသင်းကို အရောင်းစာရင်း တင်ခဲ့တာ ဖြစ်ပြီး ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချရာ ကနေ ပေါင် ၆ဘီလီယံ ဝန်းကျင် အလိုရှိနေပါတယ်။

Photo Credit: Standard

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့်ဟောင်း ဒေးဗစ် ဘက်ခမ်းက လက်ရှိအထိ မန်ချက်စတာ ယူနိုက်တက်ကို ချစ်မြတ်နိုးနေဆဲ ဖြစ်သလို သူဟာ မကြာခဏ မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်ဆီ သွားရောက်ကာ ပရိသတ်တွေနဲ့ တွေ့ဆုံကာ စကားလက်ဆုံ ကျလေ့ ရှိပါတယ်။

ဒါကြောင့်ပဲ ဒေးဗစ် ဘက်ခမ်းက ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချတော့မယ် ဆိုတဲ့ သတင်းကို ကြားတာနဲ့ သူ့ရဲ့ မိတ်ဆွေ သူငယ်ချင်း ဘီလီယံနာတွေဆီ သွားကာ မန်ချက်စတာ ယူနိုက်တက်ကို စပ်တူ ဝယ်ယူဖို့ ကြိုးစားနေခဲ့ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Financial Times သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒေးဗစ် ဘက်ခမ်းက သူတဦးထဲနဲ့ မန်ချက်စတာ ယူနိုက်တက်ကို မဝယ်ယူနိုင်ပေမယ့် သူ့ရဲ့ မိတ်ဆွေတွေနဲ့ ပူးပေါင်းကာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ အစီအစဉ် ဆွဲနေပြီး ဘက်ခမ်းရဲ့ မိတ်ဆွေတွေကလည်း မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဒေးဗစ် ဘက်ခမ်းက ပေါင် ၅၀၀သန်း ဝန်းကျင်သာ ကြွယ်ဝ ချမ်းသာသူ တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့ အတွက် သူဟာ အနိမ့်ဆုံး ဘီလီယံနာ မိတ်​ဆွေ ၃ဦးခန့်နဲ့ လက်တွဲ လုပ်ဆောင်ရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေကတော့ ဘက်ခမ်းကို သူတို့အသင်းရဲ့ ပိုင်ရှင်အဖြစ် မြင်တွေ့ချင်နေကြပါတယ်။