အမေရိကန် မေဂျာလိဂ်ရဲ့ နာမည်ကြီးကလပ် အင်တာ မိုင်ယာမီရဲ့ ပူးတွဲ အသင်းပိုင်ရှင် ဒေးဗစ် ဘက်ခမ်းက သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသမားဟောင်း ဖြစ်သူ ဒေးဗစ် ဒီဂီယာကို သူ့အသင်းဆီ ပြောင်းလာဖို့ စည်းရုံးမှုတွေ လုပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၃၃နှစ် အရွယ် စပိန်ဂိုးသမား ဒေးဗစ် ဒီဂီယာက မန်ချက်စတာ ယူနိုက်တက်မှာ ဆယ်စုနှစ် ၁စုကြာ ကစားခဲ့သူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ နွေဈေးကွက်မှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်နေပါတယ်။

Photo Credit: The Sun

ဒေးဗစ် ဒီဂီယာက အသင်းလက်မဲ့ ကစားသမား ဖြစ်သွားပြီးနောက် ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် စတဲ့ အသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်လာသလို ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကိုလည်း ငြင်းဆန် ပယ်ချခဲ့ပါတယ်။

လက်ရှိမှာတော့ ဥရောပ နာမည်ကြီးကလပ် တချို့နဲ့ မေဂျာလိဂ်တွေက ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘက်ခမ်းရဲ့ အင်တာ မိုင်ယာမီကတော့ ဒီဂီယာကို ခေါ်ယူဖို့ အတွက် အတက်ကြွဆုံး လှုပ်ရှားနေပါတယ်။

Photo Credit: Stretty News

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Starရဲ့ ဖော်ပြချက်အရ ဒေးဗစ် ဘက်ခမ်းက ဒီဂီယာကို သူ့ရဲ့ အင်တာ မိုင်ယာမီဆီ ပြောင်းလာဖို့ စည်းရုံးမှုတွေ လုပ်နေပြီး ဒီဂီယာကတော့ ဘက်ခမ်းနဲ့ ဆွေးနွေးမှု တချို့ လုပ်ထားပေမယ့် သူ့ရဲ့ အနာဂတ် အတွက် ယတိပြတ် ဆုံးဖြတ်ချက် ချတာမျိုး မလုပ်ရသေးဘူးလို့ သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metro Sportsကလည်း အင်တာ မိုင်ယာမီဟာ ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်းအား ထပ်ဆင့် အတည်ပြုပေးထားသလို မိုင်ယာမီမှာ ဘူးစကွက် ၊ အယ်လ်ဘာ စတဲ့ စပိန်ကြယ်ပွင့်တွေ ရှိနေတာကြောင့် ဒီဂီယာဟာ တခြား မေဂျာလိဂ်ကလပ်တွေထက် မိုင်ယာမီဆီ ပြောင်းဖို့ ပိုမို စိတ်ဝင်စားနိုင်ကြောင်း ဖော်ပြထားပါတယ်။