နာမည်ကြီး ဘောလုံးသမားသမားဟောင်းလည်းဖြစ် အမေရိကန် မေဂျာလိဂ် နာမည်ကျော်ကလပ် အင်တာ မိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင်လည်းဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းက လီယွန်နယ် မက်ဆီလို စူပါစတား ထိပ်တန်း ကစားသမားတစ်ဦးကို အသင်းဆီ ခေါ်ယူနိုင်ဖို့အတွက် သူ့ဆရာဟောင်း ဆာ အဲလက်စ် ဖာဂူဆန်က ကူညီခဲ့တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

ဘောလုံးသမားဘဝကနေ အနားယူပြီးတဲ့နောက်ပိုင်း တခြားကစားသမားတွေလို ဘောလုံးနည်းပြ ဘောလုံးနည်းစနစ်ဒါရိုက်တာ လမ်းကြောင်းတွေကို ဝင်ရောက် လုပ်ကိုင်ခြင်းမရှိပဲ ဘောလုံးအသင်း ပိုင်ရှင်အဖြစ် ဆောင်ရွှက်ခဲ့တဲ့ ဘက်ခမ်းက ၂၀၁၈ခုနှစ်မှာပဲ အင်တာ မိုင်ယာမီအသင်းကို အမေရိကန် ဘီလီယံနာ သူဌေးကြီး ဂျော့မက်စ်နဲ့ ပူးတွဲ ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit : Sportstar

ဘက်ခမ်းက မိုင်ယာမီကို ပိုင်ဆိုင်ပြီး (၅)နှစ်အကြာမှာပဲ အသင်းအတွက် မက်ဆီ ၊ ဘူးစကတ်စ် နဲ့ အယ်လ်ဘာတို့လို ထိပ်တန်း ဝါရင့်ကစားသမားကြီးတွေကို ခေါ်ယူနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဆွာရက်ဇ်ကို ခေါ်ယူနိုင်ခဲ့သလို ဒီကစားသမားတွေရဲ့ အားနဲ့ပဲ မိုင်ယာမီက အသင်းသမိုင်းတစ်လျှောက် ဆုဖလားတွေကို စတင် ပိုင်ဆိုင်လာခဲ့ရပါတယ်။

မိုင်ယာမီအနေနဲ့ မက်ဆီလို GOAT ကြီးတစ်ဦးကို ခေါ်ယူခဲ့ပြီးနောက် မက်ဆီရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဆွာရက်ဇ် အယ်လ်ဘာ ဘူးစကတ်စ်တို့ကို အသီးသီး ဖြည့်တင်းနိုင်ခဲ့ပြီး အသင်းကလည်း အောင်မြင်မှုတွေ ရရှိလာခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘက်ခမ်းက “အသင်းက ဒီနှစ်ပိုင်းအတွင်း အများကြီး ပြောင်းလဲလာခဲ့ပြီး အဲ့ဒီပြောင်းလဲမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ရတဲ့အတွက် အရမ်း ဂုဏ်ယူမိပါတယ်။”

Photo Credit : The Sun

“ဒါပေမယ့် လုပ်စရာတွေ အများကြီး ရှိနေသေးတယ်ဆိုတာ သိပါတယ်။ လီယိုလို ကစားသမားမျိုးကို အမေရိကဆီ ခေါ်ဆောင်နိုင်ခဲ့တာကတော့ ကျွန်တော်တို့အတွက် လက်ဆောင်တစ်ခုပဲလို့ တွေးမိပါတယ်။ လီယိုကို ခေါ်ယူခဲ့တာကလည်း အမေရိက မျိုးဆက်သစ် ကစားသမားတွေ အတုယူဖို့ ဆောင်းကျဉ်းပေးချင်တာပါ။ ဒါကလည်း ကျွန်တော့်ဆရာ (ဖာဂူဆန်)ဆီကနေ ကျွန်တော် သင်ယူခဲ့ရတဲ့ အရာတွေထဲက တစ်ခုလို့ ထင်ပါတယ်။ သူက ကျွန်တော့်ကို အတိအကျ ပြောခဲ့တာ မဟုတ်ပါဘူး။”

“နည်းပြကြီးဆီကနေ သင်ယူခဲ့ရတဲ့ အရာတွေထဲကမှ တစ်ခုကတော့ အကြီးမားဆုံးနဲ့ အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူဖို့အကြောင်း မဟုတ်ဘဲ မှန်ကန်တဲ့ ကစားသမားတွေကို ခေါ်ယူခြင်းပါပဲ။ လီယိုကတော့ အကြီးမားဆုံး အကောင်းဆုံး ဖြစ်တဲ့အပြင် ကျွန်တော်တို့အတွက် မှန်ကန်တဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော်တို့အတွက် ကွင်းအတွင်းမှာရော ကွင်းအပြင်မှာပါ အောင်မြင်မှုတွေ ရရှိအောင် ကူညီပေးနိုင်လိမ့်မယ် ဆိုတာလည်း ကျွန်တော်တို့ သိထားခဲ့ပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။