အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီရဲ့ ပူးတွဲအသင်းပိုင်ရှင် ဘက်ခမ်းက သူ့အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ ကြယ်ပွင့် ကစားသမားလည်း ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ဇူလိုင်လ ၁၅ရက်နေ့မှာ ပီအက်စ်ဂျီ ကနေ အင်တာ မိုင်ယာမီဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မိုင်ယာမီက မက်ဆီကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Marca

မက်ဆီက အင်တာ မိုင်ယာမီ အတွက် ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အင်တာ မိုင်ယာမီရဲ့ သမိုင်းမှာ ပထမဦးဆုံး ဆုဖလား ဖြစ်တဲ့ လိဂ်ဖလားကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။

မက်ဆီက အင်တာ မိုင်ယာမီ အတွက် မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားကို ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့တာကြောင့် ၂၀၂၃ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

အင်တာ မိုင်ယာမီရဲ့ ပူးတွဲပိုင်ရှင် ဖြစ်သူ ဒေးဗစ် ဘက်ခမ်းကတော့ မက်ဆီဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်သလို မက်ဆီကို ခေါ်ယူနိုင်ခဲ့မှုက အင်တာ မိုင်ယာမီ အတွက်ရော ၊ မေဂျာလိဂ် အတွက်ပါ ကြီးမားတဲ့ ဆုလာဘ် တခု ဖြစ်ခဲ့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။

ဒေးဗစ် ဘက်ခမ်းက – “အခုချိန်အထိ အင်တာ မိုင်ယာမီက လီယွန်နယ် မက်ဆီကို ခေါ်ယူနိုင်ခဲ့တယ် ဆိုတာကို မယုံနိုင်သေးပါဘူး။ ဒါမျိုးကို တယောက်ယောက်က လာပြောရင်တောင် အိမ်မက်လို့ပဲ ထင်မိမှာပါ။ အသင်းပိုင်ရှင် တယောက်အနေနဲ့ မက်ဆီလို ကမ္ဘာ့အကောင်းဆုံး ကစားသမားကို ပိုင်ဆိုင်ခွင့် ရထားတဲ့ အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ မက်ဆီကို အမေရိကတိုက်ဆီ ခေါ်ယူနိုင်ခဲ့မှုက အင်တာ မိုင်ယာမီအတွက်တင် မဟုတ်ပဲနဲ့ မေဂျာလိဂ် အတွက်ပါ ကြီးမားတဲ့ ဆုလာဘ်တခုပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။