အမေရိကန် မေဂျာလိဂ်ဘောလုံးပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းကို ပူးတွဲပိုင်ဆိုင်လို့ထားတဲ့ နာမည်ကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ဟမ်းက သူရဲ့အသင်းဆီကို ကမ္ဘာကျော်ဘောလုံးသမားတွေဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီနဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုတို့နှစ်ယောက်ကို ခေါ်ယူသွားဖို့က အသင်းအတွက် ခက်ခဲမယ့်အရာတစ်ခုမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

မန်ချက်စတာယူနိုက်တက် ရီးရဲလ်မက်ဒရစ် အေစီမီလန် ပီအက်စ်ဂျီနဲ့ မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းကြီး ဒေးဗစ်ဘက်ဟမ်းဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက်မှာ နည်းပြလောကထဲကို ဝင်ရောက်လာခြင်းမရှိပဲ ဘောလုံးအသင်းပိုင်ရှင်အဖြစ်နဲ့သာ အင်တာမိုင်ယာမီအသင်းကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း ဘက်ဟမ်းရဲ့မိုင်ယာမီအသင်းမှာ ဟီဂွာအင် မာတွီဒီနဲ့ ရှောခရော့စ်တို့လို ဝါရင့်ကစားသမားတွေ ပါဝင်ကစားနေတဲ့အပြင် အင်္ဂလန်အမျိုးသမီးအသင်းရဲ့ နည်းပြဟောင်း ဖီးလ်နဖီးလ်ကလည်း နည်းပြအဖြစ်နဲ့ ဆောင်ရွှက်လျက်ရှိနေပါတယ်။

Photo Credit : The Sun

မက်ဆီ ရော်နယ်ဒိုတို့လို ကမ္ဘာ့ထိပ်တန်း အကောင်းဆုံးကစားသမားတွေကိုပါ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်လို့ မကြာခဏ သတင်းထွက်နေတဲ့အပေါ် မိုင်ယာမီပိုင်ရှင် ဘက်ဟမ်းက “မိုင်ယာမီအသင်း စတင်ထည်ထောင်လိုက်ပြီဆိုတာကို ကြေညာလိုက်ပြီးကတည်းက ကျွန်တော်တို့ဘက်ကနေ အသင်းဆီကို ဘယ်ကစားသမားတွေ ခေါ်ယူသွားမလဲဆိုတဲ့အပေါ် အတော်လေးကို ပြောဆိုဖြစ်လာခဲ့ပါတယ်။ ရော်နယ်ဒိုတို့ မက်ဆီတို့ နေမာတို့ကို ခေါ်ယူနိုင်မလားဆိုတာပေါ့။ ဒါတွေနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေက အမြဲတမ်းရှိနေမှာပါ။ ဒီကစားသမားကို ခေါ်ယူဖို့ ဒီကစားသမားတွေအနေနဲ့ မိုင်ယာမီကို ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ချက်ရဖို့ဆိုတာတွေက ခက်ခဲမယ့်အရာတစ်ခုလို့ ကျွန်တော်မထင်ပါဘူး။ ဒါက အရိုးသားဆုံး ပြောတာပါ။ ဘာကြောင့်လဲဆိုတော့ မိုင်ယာမီဆိုတာ တကယ့်ကို နေရာကောင်းတစ်ခုပါ။ ဒီနေရာက တကယ့်ကို ထိပ်တန်းမြို့ကြီးတစ်ခုပါ။ မိုင်ယာမီသားတွေကလည်း ကျွန်တော်တို့အသင်းကို သောင်းသောင်းဖြဖြနဲ့ အားပေးကြတယ်။ ဒီမှာလည်း အရည်အသွေးရှိတဲ့ ကစားသမားလေးတွေလည်း ရှိနေပါတယ်။ မိုင်ယာမီက ဥရောပမှာ တောက်ပနေတဲ့ ကြယ်ပွင့်တွေ လာရောက်ကစားချင်စိတ် ဖြစ်လာအောင် ဆွဲဆောင်နိုင်မယ့် မြို့တစ်မြို့လို့ ကျွန်တော်ထင်မြင်မိပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။