ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာကာ ဂန္တဝင် ကျောနံပါတ် နံပါတ် ၇ကို ရယူနိုင်ပြီး ကမ္ဘာတလွှားမှာ ဘောလုံးမင်းသားလို့ နာမည်ကြီးခဲ့တဲ့ အင်္ဂလန် ဂန္တဝင် ကွင်းလယ်လူ ဒေးဗစ် ဘက်ခမ်း ကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူးလို့ အင်တာဗျူးတခုမှာ ဖွင့်ဟ ပြောကြားသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အအောင်မြင်ဆုံးနဲ့ ပရိသတ် အချစ်ဆုံး ကစားသမားတွေထဲက တဦး ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ကစားသမားဘဝ အမြင့်မားဆုံး အောင်မြင်မှုတွေကို ရယူနိုင်နေတဲ့ ၂၀၀၃ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ စပိန်ကလပ် ရီးရဲလ်မက်ဒရစ် အသင်းထံ အမှတ်မထင် ပြောင်းရွှေ့သွားခဲ့သူပါ။

Photo Credit: Daily Mail

အဆိုပါအချိန်တုန်းက ဘက်ခမ်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် တဦး ဖြစ်သလို အသင်းရဲ့ မရှိမဖြစ် ကစားသမားလည်း ဖြစ်ပေမယ့် အသင်းနည်းပြ ဆာအဲလက်စ် ဖာဂူဆန်နဲ့ ပြဿနာ တချို့ ဖြစ်ပွားခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဆီ ရောင်းထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ သူ ထွက်ခွာခဲ့ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သတ်ပြီး လက်ရှိအချိန် အထိ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေကြားမှာ မရေမရာ ဖြစ်နေတဲ့ အကြောင်းအရာတွေ ရှိနေသေးပြီး ဘက်ခမ်းကတော့ သူဟာ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ဖို့ ဦးစွာ လုပ်ဆောင်ခဲ့တာ မဟုတ်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းက သူ့ကို ရောင်းထုတ်တော့မယ်လို့ အသိပေးလာမှသာ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ စတင် ဆွေးနွေးခဲ့တာ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Daily Mail

မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖြစ်ခဲ့ပုံကို ဘက်ခမ်းက – “ကျွန်တော် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောက်ပြီးတဲ့နောက် ဘယ်တုန်းကမှ အသင်းကနေ ထွက်ခွာဖို့ မစဉ်းစားခဲ့ပါဘူး။ အသင်းဘက်က ကျွန်တော့်ကို ရောင်းထုတ်တော့မယ်လို့ အသိပေးလာတဲ့ အခါမှသာ ကျွန်တော်က ရီးရဲလ် မက်ဒရစ်အသင်းနဲ့ စတင် ဆွေးနွေးခဲ့တာပါ။ အဲ့ဒီတုန်းက ကျွန်တော့်ရဲ့ အိမ်မက်တွေ အားလုံး ပျက်စီးသွားပြီ ဆိုတာကို သိလိုက်ရပြီး ကျွန်တော်က အခြားအသင်း တသင်းမှာ ကစားဖို့ ဆွေးနွေးခဲ့ရပါတယ်။ ကျွန်တော် ယူနိုက်တက်ရဲ့ ပွဲတွေကို ၂နှစ်လောက် မကြည့်နိုင်ခဲ့ပါဘူး။ ကျွန်တော် အချိန်အကြာကြီး ဝမ်းနည်းခဲ့ရပါတယ်။ အသင်းကနေ ထွက်ခွာဖို့ဟာ အတော်လေးကို ခက်ခဲခဲ့တာပါ။