မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ သူ ပူးတွဲ ပိုင်ဆိုင်တဲ့ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းထံ စပိန် လာလီဂါကလပ် ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အသက် ၃၃နှစ်အရွယ် ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနား အသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခုလ ၃၀ရက်နေ့မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်ပြီး လက်ရှိမှာ ဘာစီလိုနာအသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။

Photo Credit: Express

ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးကပ်နေတဲ့ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ လက်ရှိမှာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် မိုင်ယာမီအသင်းရဲ့ မက်ဆီကို ခေါ်ယူဖို့ ကြိုးစားနေမှု ကတော့ ပီအက်စ်ဂျီအသင်းရဲ့ ကြိုးစားမှုနဲ့ ကွဲပြားပါတယ်။ ဘက်ခမ်းရဲ့ မိုင်ယာမီအသင်းဟာ မက်ဆီကို ယခုချိန်မှာ ခေါ်ယူဖို့ ကြိုးစားနေတာ မဟုတ်ပဲ မက်ဆီအနေနဲ့ ဥရောပမှာ နောက်ထပ် ၂နှစ် (သို့) ၃နှစ် ကစားပြီးပါက သူတို့အသင်းထံ ပြောင်းရွှေ့လာအောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၆ကြိမ်တိုင် ရရှိထားတဲ့ မက်ဆီဟာ တချိန်က သူ့ရဲ့ ကစားသမားဘဝကို အမေရိကန် မေဂျာလိဂ်မှာ အဆုံးသတ်ဖို့ ဆန္ဒရှိကြောင်း ပြောကြားဖူးတာကြောင့် မိုင်ယာမီအသင်းဟာ မက်ဆီကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။

Photo Credit: Express

စပိန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marcaရဲ့ ဖော်ပြချက်အရ မက်ဆီကို ခေါ်ယူဖို့ အတွက် မိုင်ယာမီ အသင်းရဲ့ ပူးတွဲပိုင်ရှင် ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း ကိုယ်တိုင် ကြိုးစားနေပြီး ဘက်ခမ်းဟာ မက်ဆီကို သူတို့ရဲ့ မိုင်ယာမီအသင်းထံ ခေါ်ယူနိုင်ဖို့ အကြို သဘောတူညီမှု စာချုပ် ချုပ်ဆိုချင်နေကြောင်း သိရပါတယ်။ အမေရိကန် သတင်းဌာနတွေ ကတော့ အင်တာ မိုင်ယာမီအသင်းနဲ့ မက်ဆီတို့ဟာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ကာ မက်ဆီဟာ ဥရောပမှာ နောက်ထပ် ၂နှစ် (သို့) ၃နှစ်ခန့် ကစားပြီးပါက မေဂျာလိဂ်မှာ ကစားဖို့ ဆန္ဒရှိနေကြောင်း ဖော်ပြထားကြပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ မက်ဆီကို နောက်ထပ် အနည်းဆုံး ၅နှစ်ခန့် မြက်ခင်းစိမ်းတွေပေါ်မှာ မြင်ရဖို့ အလားအလာ များနေပါတယ်။