ဒေးဗစ်ဘက်ခမ်း ဟာ သူ့ရဲ့ ထူးချွန်လှတဲ့ အလွတ်တည်ကန်ဘောတွေနဲ့ ခပ်မိုက်မိုက် ဆံပင်ပုံစံတွေကြောင့် ပရိသတ်‌တွေကြား ရေပန်းစားပြီးတော့ ဘောလုံးလောကရဲ့ ဂန္တဝင်တစ်ဦး အဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းရဲ့ အမှတ်အသားဖြစ်တဲ့ ဖရီးကစ် စွမ်းရည်ဟာလည်း အတော်လေး နာမည်ကြီးခဲ့တယ်လို့ ဆိုရပါမယ်။ သူ့အနေနဲ့ အဆိုပါ အကြောင်းကို ဘတ်ဂျက် အနည်းငယ်သာ အသုံးပြုပြီးတော့ မှတ်တမ်းရုပ်ရှင် တစ်ခု ရိုက်ကူးခဲ့ရာမှာလည်း အောင်မြင်ခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ ဒေးဗစ် ဘက်ခမ်းရဲ့ ကစားသမား ဘဝတစ်လျှောက် အကောင်းဆုံး ဖရီးကစ် ၅ ဂိုး ကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit: Sports Mole

နံပါတ်(၅) အဲဗာတန် ၁-၂ မန်ချက်စတာယူနိုက်တက်၊ ၂၀၀၃ ခုနှစ်

အဆိုပါ ဖရီးကစ်သွင်းဂိုးကတော့ ဒေးဗစ် ဘက်ခမ်း အတွက် ရီးရဲလ်မက်ဒရစ် ကို မပြောင်းရွှေ့ခင် သူ့ရဲ့ ငယ်စဉ်ကလေးဘဝ ကတည်းက ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် နောက်ဆုံး ကစားပေးခဲ့တဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ နောက်ဆုံး သွင်းဂိုး ဖြစ်ပါတယ်။ အဆိုပါ ဖရီးကစ် သွင်းဂိုးကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲဗာတန် အသင်းဘက်ကို ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်အသင်း ကစားသမားတွေ အနေနဲ့ ဂိုးဧရိယာရဲ့ ညာဖက်ခြမ်းမှာ ရှိနေတာက ဘယ်ခြေသန် ဘက်ခမ်း အတွက် အတော်လေး သင့်တော်ခဲ့ပြီးတော့ ဘယ်သူမှ မထင်ထားတဲ့ ထောင့်ချိုးလေးကနေ ကန်ခဲ့ပြီးတော့ ဂိုးတိုင်ရဲ့ ထောင့်စွန်းလေးကနေ တဆင့် ဖရီးကစ်ဂိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sports Mole

နံပါတ်(၄) မာလာဂါ ၁-၃ ရီးရဲလ်မက်ဒရစ်၊ ၂၀၀၃ ခုနှစ်

အဆိုပါ ဖရီးကစ်သွင်းဂိုးကတော့ ဒေးဗစ် ဘက်ခမ်း အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကနေ ရီးရဲလ်မက်ဒရစ်ကို နွေရာသီ အပြောင်းအရွှေ့မှာ ရောက်ရှိလာပြီး နောက်ပိုင်း သိပ်မကြာခင်မှာပဲ စက်တင်ဘာလ ၂၀၀၃ ခုနှစ်မှာ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးသော ဖရီးကစ် သွင်းဂိုး ဖြစ်ပါတယ်။ ဒေးဗစ် ဘက်ခမ်းဟာ ဖရီးကစ် ကန်သွင်းဖို့ ဘေးမှာ ဟန်ပြင်နေတဲ့ လူးဝစ်စ် ဖီဂို ကို ဘောလုံးတို့ပေးလိုက်ပြီး၊ ဖီဂို က ‌ခြေထောက်နဲ့ ထိန်းထားပေးတဲ့ ဘောလုံးကို ဒေးဗစ် ဘက်ခမ်းက ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲ ကို ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sports Mole

နံပါတ်(၃) မန်ချက်စတာယူနိုက်တက် ၄-၃ ရီးရဲလ်မက်ဒရစ်၊ ၂၀၀၃ ခုနှစ်

အဆိုပါ ဖရီးကစ် သွင်းဂိုးကတော့ ဧပြီလ ၂၀၀၃ ခုနှစ်က မန်ချက်စတာ ယူနိုက်တက် နဲ့ ရီးရဲလ်မက်ဒရစ် တို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ တွေ့ဆုံစဉ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနှစ် နွေရာသီမှာပဲ ဘက်ခမ်းဟာ ရီးရဲလ်မက်ဒရစ် ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာ သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝ အကောင်းဆုံး ဖရီးကစ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတဲ့ ဖရီးကစ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖရီးကစ်ဂိုးကို ရီးရဲလ်မက်ဒရစ် ဂိုးသမားက လုံးဝ ကာကွယ်နိုင်ခြင်း မရှိခဲ့သလို ရီးရဲလ်မက်ဒရစ် ဂိုးသမား အနေနဲ့ သူမြင်တွေ့လိုက်ရတဲ့ သွင်းဂိုးကြောင့် လုံးဝ ကြက်သေ သေသွားခဲ့ပြီးတော့ ဂိုးစည်းပေါ်မှာ မတ်တပ်ကြီး ရပ်နေခဲ့ရပါတယ်။

Photo Credit: Sports Mole

နံပါတ်(၂) အယ်လ်အေ ဂလက်စီ ၄-၁ ကန်းစက်စ် စီးတီး, ၂၀၁၁

ဒေးဗစ်ဘက်ခမ်း အနေနဲ့ အယ်လ်အေ ဂလက်စီ အသင်းမှာ ကစားစဉ်က ၂၀၁၁ မေလ လောက်မှာ အယ်လ်အေ ဂလက်စီ အသင်းပရိသတ်တွေ အတွက် မမေ့နိုင်လောက်စရာ ဖရီးကစ် သွင်းဂိုး သွင်းယူပေးခဲ့ပြီးတော့ ကန်းစက်စ် စီးတီး အသင်းကို ၄ ဂိုး- ၁ ဂိုး နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးဧရိယာရဲ့ ထောင့်စွန်းနားမှာ ဖရီးကစ် ရရှိခဲ့တာ ဖြစ်တာကြောင့် ကန်သွင်းရတဲ့ အနေအထားဟာ ထောင့်ကျဉ်း ပုံစံဖြစ်ပေမယ့်လည်း ဒေးဗစ် ဘက်ခမ်း ဟာ ဂိုးသမားရဲ့ ညာဖက်အပေါ်ထောင့်တည့်တည့်ကို သွင်းယူပြီးတော့ ဂိုးရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sports Mole

နံပါတ်(၁) အင်္ဂလန် ၂-၂ ဂရိစ်, ၂၀၀၁

ဒေးဗစ် ဘက်ခမ်းရဲ့ အကောင်းဆုံး သွင်းဂိုး အဖြစ် သတ်မှတ်ခံထားရတဲ့ သွင်းဂိုးကတော့ ၂၀၀၁ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ခွင့်ရဖို့ အတွက် ဂရိစ်အသင်းကို သရေရလဒ် ထွက်ပေါ်အောင် ကစားဖို့ လိုအပ်နေတဲ့ အချိန်‌ဖြစ်ပေမယ့်လည်း အပိုချိန်နောက်ဆုံး မိနစ်အထိ ၂ ဂိုး- ၁ ဂိုး ဆိုတဲ့ ဂရိစ် အသင်းရဲ့ ဦးဆောင်ခြင်းကို ခံထားရတာ ဖြစ်ပါတယ်။ ဒေးဗစ် ဘက်ခမ်း အနေနဲ့ နောက်ဆုံးမိနစ်မှာ ရရှိခဲ့တဲ့ သွင်းဂိုးကို ၂၅ ကိုက် အကွာကနေ အံ့အားသင့်စရာ ကန်ချက်မျိုးနဲ့ ကန်သွင်းပြီး ဂိုးရယူနိုင်ခဲ့ကာ အင်္ဂလန် အသင်းကို ၂၀၀၂ ကမ္ဘာ့ဖလားဝင်ခွင့် တစ်နေရာ အတွက် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။