ယနေ့ည ၁၂နာရီ ကျော်သွားရင်တော့ ကျွန်တော်တို့ဟာ နှစ်ဟောင်း ၂၀၂၀ ကို လက်ပြ နှုတ်ဆက်ပြီး နှစ်သစ် ၂၀၂၁ ခုနှစ်ဆီကို ရောက်ရှိကြတော့မှာပါ။ မကောင်းတဲ့ကံတွေ အားလုံး နှစ်ဟောင်းမှာ ကျန်ခဲ့ပြီး နှစ်သစ်မှာ ကံကောင်းခြင်းတွေနဲ့ ဆုံတွေ့ပါစေ လို့ ကျွန်တော်တို့ MYSPORT MYANMAR အဖွဲ့သားတွေက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ မနေ့တုန်းက ၂၀၂၀ ခုနှစ်အတွက် အီတလီ စီးရီးအေရဲ့ အကောင်းဆုံး အသင်းကို ဖော်ပြပေးပြီးတဲ့ နောက်မှာတော့ ဒီတစ်ခါမှာ ပရိသတ်တွေိကို နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ BBCရဲ့ ၂၀၂၀ ခုနှစ် အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်း ကို ဖော်ပြ ပေးသွားပါမယ် ခင်ဗျာ။

Photo Credit: Standard

၂၀၂၀ ခုနှစ် အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းကိုတော့ ၄-၃-၃ ကစားကွက်ကို အခြေခံပြီး ရွေးချယ်ထားတာ ဖြစ်ကာ ဂိုးသမား နေရာမှာတော့ လီဗာပူးအသင်းရဲ့ ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အဲလစ်ဆန်က ရွေးချယ်ခံခဲ့ ရပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ရရှိခဲ့သလို လက်ရှိ ဘောလုံးရာသီ မှာလည်း ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အဆင့် ၁ နေရာမှာ ရှိနေတာကြောင့် သူတို့အသင်းရဲ့ ကစားသမား ၆ဦး အထိ ရွေးချယ်ခံခဲ့ ရပါတယ်။ ခံစစ်လေးဦး မှာလည်း လီဗာပူးအသင်းရဲ့ ကစားသမား ၃ဦးအထိ ပါဝင်ခဲ့ပြီး ညာနောက်ခံ နေရာမှာ အာနိုးလ် ၊ ဗဟိုခံစစ် နေရာမှာ ဖာဘင်ဟိုနဲ့ ဘယ်ခြမ်းခံစစ်မှာ ရော်ဘက်ဆန်တို့ပဲ ဖြစ်ပါတယ်။ ဖာဘင်ဟိုနဲ့ အတူ တွဲဖက်ကာ ကစားရမယ့် လက်ကျန် ဗဟိုခံစစ် တစ်နေရာမှာတော့ ဗီလာအသင်းရဲ့ နောက်ခံလူ တိုင်ရွန်မင်းစ် က ရှိနေပါတယ်။

Photo Credit: Standard

ကွင်းလယ်လူ သုံးဦးကို ရွေးချယ်ထားရာ မှာတော့ အနည်းငယ် အငြင်းပွားစရာတွေ ဖြစ်နေပြီး မန်ချက်စတာ စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်းဟာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။ ကွင်းလယ် သုံးဦးတန်းမှာတော့ လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန် ၊ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက် ၊ အက်စ်တွန်ဗီလာ အသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ချ် တို့က ရွေးချယ်ခံခဲ့ ရပါတယ်။ တိုက်စစ်ပိုင်းမှာလည်း လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဆာလက်ဟာ ချန်လှပ်ခံခဲ့ ရကာ သူ့ရဲ့ တွဲဖက် တိုက်စစ်မှူး ဖြစ်တဲ့ မာနေးက ညာခြမ်းတိုက်စစ်မှာ ရွေးချယ်ခံခဲ့ ရပါတယ်။ အထောင်တိုက်စစ်မှာတော့ အဲဗာတန် အသင်းရဲ့ တိုက်စစ်မှူး ကယ်ဗက်-လီဝင်က ရှိနေပြီး ဘယ်ခြမ်း တိုက်စစ်မှာတော့ စပါးအသင်းရဲ့ တောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟောင်မင်က ရွေးချယ်ခံခဲ့ ရပါတယ်။