ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား ဖြစ်သူ ဘယင်ဒါက သူဟာ အသင်းဖော် အိုနာနာကို ကျော်ကာ ယူနိုက်တက်ရဲ့ နံပါတ်၁ ဂိုးသမားနေရာကို ရဖို့ အတွက် အစွမ်းကုန် ကြိုးစား လေ့ကျင့်နေကြောင်း နောက်ဆုံးလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် တူရကီလက်ရွေးစင် ဂိုးသမား ဘယင်ဒါက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ဖီနာဘာချီ ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

ဘယင်ဒါက ဘောလုံးရာသီ စတင်ပြီးမှ မန်ချက်စတာ ယူနိုက်တက်နဲ့ ပူးပေါင်းခွင့် ရခဲ့တာကြောင့် အသင်းဖော်တွေနဲ့ အဆင်ပြေဖို့ ၊ အသင်းရဲ့ ကစားကွက်နဲ့ အသားကျဖို့ အချိန်အတော်ကြာ ပေးကာ လေ့ကျင့်နေရသူ ဖြစ်ပြီး သူက အခုချိန်အထိ မန်ချက်စတာ ယူနိုက်တက် အတွက် ကစားခွင့် မရသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က သူ့ရဲ့ တပည့်ရင်း အိုနာနာကို အသင်းရဲ့ နံပါတ်၁ ဂိုးသမားနေရာအား ပေးအပ်ထားပေမယ့် အိုနာနာဟာ မကြာခဏ အမှားတွေ ကျူးလွန်နေတာကြောင့် ဘယင်ဒါကသာ ကစားခွင့် ရတဲ့ အချိန်တွေမှာ အကောင်းဆုံး လက်စွမ်းတွေကို ပြသနိုင်မယ် ဆိုရင် အိုနာနာကို ကျော်ဖြတ်ကာ ယူနိုက်တက်ရဲ့ နံပါတ်၁ ဂိုးသမားနေရာကို ရနိုင်ပါတယ်။

Photo Credit: Sporting News

လက်ရှိမှာ အိုနာနာက အာဖရိကဖလားပြိုင်ပွဲဆီ ခရီးနှင်နေရတာကြောင့် ဘယင်ဒါဟာ အနိမ့်ဆုံး မန်ချက်စတာ ယူနိုက်တက် အတွက် ၂ပွဲ ကစားခွင့် ရဖို့ ရှိနေပြီး ဘယင်ဒါကတော့ သူနဲ့ အိုနာနာရဲ့ ကြားထဲမှာ ဆက်ဆံရေးကောင်းတွေ ရှိပေမယ့် နံပါတ်၁ ဂိုးသမား ဖြစ်ခွင့် ရဖို့ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ကြိုးစားနေပါတယ်လို့ ဆိုလာပါတယ်။

ဘယင်ဒါက – “ကျွန်တော်တို့ ဂိုးသမားတွေ အားလုံးက အဆင်ပြေပြေပါပဲ။ ကျွန်တော်တို့က နံပါတ် ၁နေရာ အတွက် အချင်းချင်း ယှဉ်ပြိုင်နေကြတယ် ဆိုတာ အမှန်ပါ။ ဘာကြောင့်လဲဆိုတော့ လူတိုင်းက အသင်းနဲ့အတူ ကွင်းထဲမှာ ကစားချင်ကြတယ်လေ။ ဒါပေမယ့် ကျွန်တော်တို့ ကြားမှာ ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုပဲ ရှိတာပါ။ ဘယ်သူပဲ ကစားကစား ၊ ကျန်တဲ့လူတွေက အဲ့ဒီလူကို အမြဲတမ်း အားပေးခဲ့ကြပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။