မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အရန်ဂိုးသမားဖြစ်တဲ့ ဘာယင်ဒါက သူ့အပေါ် ယုံကြည်မှုတွေ ပေးခဲ့ပြီး အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ပွဲထွက်ကစားခွင့် ပေးခဲ့တဲ့အပေါ် နည်းပြ ရူဘင် အမော်ရင်ကို ကျေးဇူးတင်မိကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
အသက်(၂၆)နှစ်အရွယ် တူရကီ လက်ရွေးစင် ဂိုးသမား ဘာယင်ဒါဟာ မနှစ်ကမှ တူရကီကလပ် ဖီနာဘာချီကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး မနှစ်ကတော့ ဘာယင်ဒါက ယူနိုက်တက်အတွက် (၁)ပွဲတည်းသာ ကစားခဲ့ရပေမယ့် ဒီရာသီမှာတော့ လိဂ်ဖလားနဲ့ အက်ဖ်အေဖလား (၄)ပွဲအထိ ကစားခဲ့ရပါတယ်။
Photo Credit : ESPN
ဒါပေမယ့် ဘာယင်ဒါဟာ တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ ကစားခဲ့တဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ တော့ အမှားအယွင်းတွေ များပြားခဲ့ပြီး ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် နည်းပြ အမော်ရင်ကတော့ ဒီလို အမှားများထားတဲ့ ဂိုးသမား ဘာယင်ဒါကို အာဆင်နယ်လို အသင်းမျိုးနဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလားပြိုင်ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ယုံယုံကြည်ကြည် အသုံးပြုလာခဲ့ပါတယ်။
ဘာယင်ဒါက ဒီပွဲစဉ်မှာ ဘောလုံးပေးပို့မှုတွေ ဆိုးရွှားခဲ့ပေမယ့် အရေးပါတဲ့ ပွဲချိန်အတွင်း ပင်နယ်တီ ကန်သွင်းမှုအပြင် အာဆင်နယ်ရဲ့ သေချာပေါက် ဂိုးရနိုင်မယ့် ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့သလို ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာလည်း ဟားဗက်ဇ်ရဲ့ ပင်နယ်တီ ကန်သွင်းမှုကိုပါ ရအောင် ကာကွယ်သွားနိုင်ခဲ့ပါတယ်။
Photo Credit : The Peoples Person
တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားဆုပါ ရရှိခဲ့တဲ့ ဘာယင်ဒါက “ကျွန်တော်တို့တွေ ဒီပွဲကို ထိုက်ထိုက်တန်တန်နဲ့ အနိုင်ရခဲ့လို့ အရမ်းကောင်းမွန်တဲ့ ခံစားချက်မျိုး ရနေပါတယ်။ တကယ်ကောင်းမွန်တဲ့ အသင်းကို (၁၀)ယောက်တည်းနဲ့ ကစားခဲ့ရတာ ခက်ခဲခဲ့ရပေမယ့် ကျွန်တော်တို့က ပိုကောင်းလာခဲ့သလို ယုံကြည်မှုလည်း ရှိလာခဲ့ပါတယ်။”
“နောက်ပြီး ကျွန်တော်တို့မှာလည်း နည်းပြကောင်းတစ်ဦး ရှိနေပါတယ်။ သူက ကျွန်တော်တို့ကို ကူညီပေးနေပါတယ်။ ဒီပွဲမှာလည်း သူ ကျွန်တော့်ကို ယုံကြည်မှု ပေးခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော် အရမ်းလည်း ပျော်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မယ်ဆိုရင် အရာရာကို လုပ်နိုင်ပါတယ်။ ကျွန်တော် ပြောနိုင်တာက ဒီနိုင်ပွဲကနေ စတင်ပြီး အရာရာကို စတင်နိုင်ပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။