ဂျာမန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ သူတို့အသင်းရဲ့ ဩစတီးယား နောက်ခံလူ အလာဘာကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းချသွားဖို့ စီစဉ်နေကြောင်း ဂျာမန် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၈နှစ် အရွယ်သာ ရှိသေးတဲ့ အလာဘာ ဟာ ကွင်းလယ်ခံစစ် ၊ ဘယ်ခြမ်းခံစစ်နဲ့ ဗဟိုခံစစ် နေရာတွေမှာ ကစားနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်သလို ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးဖြစ်ပေမယ့် သူနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၆လစွန်းစွန်းသာ ကျန်တော့တာကြောင့် ဘိုင်ယန်မြူးနစ် အသင်းဟာ အလာဘာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရမီ ရောင်းချချင် နေတာလည်း ဖြစ်ပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ အလာဘာကို ခေါ်ယူဖို့အတွက် ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ ၊ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီးအသင်းနဲ့ ဂျူဗင်တပ်အသင်း တို့က စိတ်ဝင်စား နေကြပေမယ့် ကိုရိုနာဗိုင်းရပ် ကာလအတွင်းမှာ ဘဏ္ဏာရေး အနေအထားအရ အခက်အခဲတွေ ရှိနေတာကြောင့် မန်ချက်စတာမြို့ခံ အသင်းနှစ်သင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ကသာ အလာဘာကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။ အလာဘာဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ် သက်တမ်း ၆လသာ ကျန်တော့မှာ ဖြစ်တာကြောင့် လာမယ့် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ကာ ရာသီကုန် မှာ အခြားအသင်း တစ်သင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ လွတ်လပ်စွာ ဆွေးနွေးနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဘိုင်ယန်မြူးနစ် အသင်းကတော့ သူတို့အသင်းနဲ့ အလာဘာရဲ့ အနာဂတ်ဟာ ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာထားပေမယ့် အလာဘာလို ထိပ်တန်း ကစားသမား တစ်ဦးကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ လက်မလွှတ်လိုပဲ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် ရရှိပါက ရောင်းချသွားဖို့ စဉ်းစားထားကြောင်း ဂျာမန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ BILD သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းကသာ အလာဘာကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ မှာ မဖြစ်မနေ ရောင်းချဖို့ စဉ်းစားထားပါက အလာဘာကို ခေါ်ယူနိုင်တဲ့ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့သာ ရှိပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘယ်သန် ဗဟိုခံစစ်မှူး တစ်ဦးကို အလိုရှိနေသလို မန်ချက်စတာ စီးတီးအသင်းကလည်း ဘယ်ခြမ်းခံစစ်မှူး တစ်ဦးကို ခေါ်ယူချင်နေတာကြောင့် အလာဘာ တစ်ယောက် မန်ချက်စတာမြို့ဆီ ရောက်ရှိလာမလား ဆိုတာကို စောင့်ကြည့် သွားရမှာပါ။