ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ဒါရိုက်တာ ဖြစ်သူ ဆလီဟာမီဒီဇစ်က သူတို့အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးစပ်နေတဲ့ ဝါရင့် တိုက်စစ်မှူး ချူပိုမိုတင်ကို စာချုပ်သစ် ချုပ်ဆိုသွားဖို့ ကြိုးစားနေသလို ချူပိုမိုတင်ကလည်း သူတို့အသင်းမှာ ပျော်ရွှင်နေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ကင်မရွန်း လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ချူပိုမိုတင်က ၂၀၂၀ခုနှစ်မှာ ပီအက်စ်ဂျီကနေ ဘိုင်ယန်မြူးနစ်ဆီ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Team Talk

 

ချူပိုမိုတင်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အရန် တိုက်စစ်မှူး အဖြစ်သာ အချိန်ကုန်ခဲ့ရပေမယ့် ယခုနှစ် ရာသီမှာတော့ လီဝန်ဒေါစကီး မရှိတော့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ထားနိုင်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ၇ပွဲဆက် သွင်းဂိုးတွေ သွင်းယူထားနိုင်သလို ယခုနှစ်ရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ ၁၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်က ချူပိုမိုတင်ကို လာမယ့် ဆောင်းဈေးကွက်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဘိုင်ယန်မြူးနစ်ကလည်း အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ချူပိုမိုတင်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။

Photo Credit: Team Talk

ချူပိုမိုတင်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေတဲ့ အကြောင်းကို ဆလီဟာမီဒီဇစ်က – “ကျွန်တော်က ချူပိုမိုတင်ကို အသင်းမှာပဲ ဆက်လက် ထိန်းထားချင်ပါတယ်။ ကျွန်တော်က သူ့ရဲ့ အေးဂျင့်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ကျွန်တော်တို့က ချူပိုမိုတင်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။ ချူပိုမိုတင်က ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမားပါ။ ကျွန်တော်တို့က သူနဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ရှိနေသလို ချူပိုမိုတင်ကလည်း အသင်းမှာ ပျော်ရွှင်နေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။