ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကတော့ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဂျူဗင်တပ်ခံစစ်မှူး ဒီလစ်ကို ပြောင်းရွှေ့ကြေး ယူရို ၉၀သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်တော့မယ်လို့ ဥရောပအခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဒီလစ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တဦး အပါအဝင် ဖြစ်သလို သူ့ရဲ့ အသက်အရွယ်နဲ့ ခြေစွမ်းကြောင့် လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူး အဖြစ် သတ်မှတ်ခံရဖို့ အလားအလာ ကောင်းနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ ဥရောပ အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးတို့က ယခု နွေဈေးကွက် အတွင်းမှာပဲ ဒီလစ်ကို ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းနေကြတာ ဖြစ်ပြီး ဒီလစ်ကလည်း နောက်ပိုင်းနှစ်တွေမှာ အောင်မြင်မှုတွေ ရဖို့ ရုန်းကန်နေရတဲ့ ဂျူဗင်တပ်ကို စွန့်ခွာဖို့ စဉ်းစားနေပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ နှစ်သင်းစလုံးက ဒီလစ်ကို ခေါ်ယူနိုင်ဖို့ ဂျူဗင်တပ်နဲ့ရော ကစားသမားနဲ့ပါ ဆွေးနွေးမှုတွေ အပြိုင်အဆိုင် ပြုလုပ်ထားကြပြီး ဂျူဗင်တပ်ကလည်း သူတို့အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဒီလစ်ကို စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ရရင် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က မကြာခင်မှာပဲ ဒီလစ်အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း + အပိုဆုကြေး ယူရို ၁၅သန်း စုစုပေါင်း ယူရို ၉၀သန်း တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်ဖို့ စီစဉ်နေပြီး ဂျူဗင်တပ်ဘက်က သူတို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိမ့်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။

ဂျာမန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bildကလည်း ဘိုင်ယန်မြူးနစ်ဟာ ဒီလစ်ကို ခေါ်ယူဖို့ နီးစပ်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ဒီလစ်က ချယ်လ်ဆီးကို ငြင်းကာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသလို ဂျူဗင်တပ်ကလည်း ဒီလစ်အတွက် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ရှိနေကြောင်း ဖော်ပြထားပါသေးတယ်။