ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တာဝန်ရှိသူတွေ ဖြစ်တဲ့ ဆလီဟာမီဒီဇစ် ၊ အိုလီဗာခန်နဲ့ အသင်းနည်းပြ နစ်ဂယ်စမန်းတို့က သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း တညီတညွတ်ထဲ ပြောကြားသွားပါတယ်။

ဘိုင်ယန်မြူးနစ်က ယမန်နေ့မှာပဲ သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကို စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း + အပိုဆုကြေး ယူရို ၅သန်းနဲ့ ရောင်းချလိုက်တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်း အတွက် အထောင်တိုက်စစ်မှူး တဦးကို မဖြစ်မနေ ဝယ်ယူဖို့ လိုအပ်နေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုက ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိနိုင်တယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပြီး ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်ကလည်း သူ့ရဲ့ ကစားသမားကို ဘိုင်ယန်မြူးနစ်ဆီ ပို့ဆောင်နိုင်အောင် အစွမ်းကုန် ကြိုးပမ်းနေကြောင်း နီးစပ်ရာလူတွေက အတည်ပြု ပြောကြားထားပါတယ်။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ အားကစားဒါရိုက်တာ ဆလီဟာမီဒီဇစ်က သူတို့အသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း ယမန်နေ့မှာပဲ ထုတ်ပြောခဲ့သလို ဘိုင်ယန်မြူးနစ်နည်းပြ နစ်ဂယ်စမန်းကလည်း သူဟာ ရိုနယ်ဒိုနဲ့ လက်တွဲချင်နေတယ်လို့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေမှု အပေါ် ယတိပြတ် ငြင်းဆိုထားပါတယ်။

Photo Credit: Goal

ယနေ့မနက် အစောပိုင်းမှာ ဘိုင်ယန်မြူးနစ်ရဲ့ ဂန္တဝင် ဂိုးသမားလည်းဖြစ် အသင်းရဲ့ အဓိက တာဝန်ရှိ ပုဂ္ဂိုလ်တွေထဲက တဦးလည်း ဖြစ်တဲ့ အိုလီဗာခန်က သူတို့ဟာ ရိုနယ်ဒိုကို ထိပ်တန်း ကစားသမားကောင်း တဦး အဖြစ် အသိအမှတ် ပြုပေမယ့် ရိုနယ်ဒိုလို အကျပိုင်း ရောက်နေတဲ့ ကစားသမားမျိုးကို ခေါ်ယူတာက သူတို့အသင်းဘက်က လုပ်လေ့လုပ်ထ ရှိတဲ့ အပြောင်းအရွှေ့မျိုး မဟုတ်ကြောင်း ပြောကြားရင်း ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း ထပ်ဆင့် ပြောကြားသွားခဲ့ပါတယ်။

အိုလီဗာခန်က – “ကျွန်တော်က ရိုနယ်ဒိုကို သဘောကျသလို သူက အံ့မခန်း ကစားသမားကောင်း တယောက်ပါ။ ဒါပေမယ့် အသင်းတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိသလို ရိုနယ်ဒိုကို အခုချိန်မှာ ခေါ်ယူလိုက်တာက ဘိုင်ယန်မြူးနစ်နဲ့ ဘွန်ဒက်လီဂါ အတွက် ကောင်းမွန်တဲ့ အရာတခု ဖြစ်မလား ဆိုတာ သေချာမသိပါဘူး။ ကျွန်တော်ကတော့ ရိုနယ်ဒိုကို ခေါ်ယူတာမျိုးဟာ ကျွန်တော်တို့အသင်းရဲ့ အတွေးအခေါ်နဲ့ ကိုက်ညီမယ့် အရာလို့ မမြင်ပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပါ။