ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ဒါရိုက်တာ တဦးဖြစ်သူ အိုလေဗာခန် ကတော့ သူတို့အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ရော်ဘတ် လီဝမ်ဒေါစကီးကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ သတင်းတွေကို ပြတ်ပြတ်သားသား ငြင်းဆန်သွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၃ဦး စာရင်းဝင်တဲ့ ထိပ်တန်း တိုက်စစ်မှူးကောင်း တဦး ဖြစ်ပြီး သူနဲ့ ဘိုင်ယန်မြူးနစ်တို့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း ၁နှစ်ကျော်သာ ကျန်ပါတော့တယ်။

Photo Credit: Mirror

လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပေမယ့် လီဝမ်ဒေါစကီးက သူ့ရဲ့ ကစားသမားဘဝ အဆုံးမသတ်မီမှာ ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာပြီး အခြားထိပ်သီးလိဂ် တခုဆီ ပြောင်းရွှေ့ ကစားဖို့ စဉ်းစားနေကာ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာကလည်း လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ဒါကြောင့်ပဲ လီဝမ်ဒေါစကီးအနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေသလို ဘိုင်ယန်မြူးနစ်ဘက်က လီဝမ်ဒေါစကီးကို ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် ရရှိရင် ရောင်းထုတ်တော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ ဒါရိုက်တာ တဦးဖြစ်သူ အိုလေဗာခန်ကတော့ လီဝမ်ဒေါစကီးဟာ လာမယ့်ရာသီသစ်မှာလည်း သူတို့အသင်းမှာသာ ဆက်ရှိနေမယ်လို့ ပြောကြားရင်း ကောလဟာလ သတင်းတွေကို ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

Photo Credit: Mirror

အိုလေဗာခန်က – “ကျွန်တော်တို့က လာမယ့် ဘောလုံးရာသီမှာလည်း လီဝမ်ဒေါစကီးကို အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းထားဦးမှာပါပဲ။ ကျွန်တော်တို့က အသင်းအတွက် တရာသီကို ဂိုး ၃၀နဲ့ ၄၀ကြား သွင်းပေးနိုင်တဲ့ ကစားသမား တယောက်ကို ရောင်းထုတ်ရလောက်အောင် မတုံးပါဘူး” လို့ ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။