ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ဒါရိုက်တာဖြစ်သူ ဆလီဟာမီဒီဇစ် ကတော့ ဆီနီဂေါကြယ်ပွင့် တိုက်စစ်မှူး ဆာဒီယို မာနေးကို လီဗာပူးကနေ ခေါ်ယူနိုင်ခဲ့ပေမယ့် သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကို လက်လွှတ်ဖို့ မစဉ်းစားထားသေးကြောင်း ပြတ်ပြတ်သားသား ပြောကြားသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က အသက် ၃၀ အရွယ် ဆီနီဂေါ ကြယ်ပွင့် တိုက်စစ်မှူး ဆာဒီယို မာနေး အတွက် လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ပေးချေခဲ့ရပြီး မာနေးကိုတော့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Standard

ဘိုင်ယန်မြူးနစ်က မာနေးကို ခေါ်ယူနိုင်ခဲ့ပြီးနောက် စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ခွင့် ပေးဖို့ တောင်းဆိုထားတဲ့ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ရောင်းချတော့မယ် ဆိုတဲ့ သတင်းတွေ တက်နေသလို ဘိုင်ယန်မြူးနစ်ဘက်က လီဝမ်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း လိုချင်နေကြောင်းလည်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။

ဒါပေမယ့် ယနေ့မှာတော့ ဘိုင်ယန်မြူးနစ်ရဲ့ ဒါရိုက်တာ ဆလီဟာမီဒီဇစ်က လီဝမ်ဒေါစကီးကို ရောင်းချတော့မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားပြီး သူတို့အသင်းဟာ လီဝမ်ဒေါစကီးကို စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အထိ ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Standard

ဆလီဟာမီဒီဇစ်က – “ကျွန်တော်တို့ရဲ့ အတွေးက ရှင်းပါတယ်။ လီဝမ်ဒေါစကီးက ကျွန်တော်တို့နဲ့ ၂၀၂၃ နွေရာသီ အပြောင်းအရွှေ့ အထိ စာချုပ်သက်တမ်း ကျန်နေပါသေးတယ်။ ဘာစီလိုနာဆီကနေ လီဝမ်ဒေါစကီး အတွက် ကမ်းလှမ်းမှုအသစ်လား…? ကျွန်တော်က လီဝမ်ဒေါစကီးရဲ့ အပြောင်းအရွှေ့ အကြောင်း တွေးကို မတွေးမိပါဘူး။ ကျွန်တော်က လီဝမ်ဒေါစကီးကို လာမယ့် ဇူလိုင်လ ၁၂ရက်နေ့မှာ စလုပ်မယ့် ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်မြင်ရမယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။