ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ဒါရိုက်တာ တဦး ဖြစ်သူ အီဘယ်လ်က သူတို့အသင်းဟာ လာမယ့် ၂၀၂၅ခုနှစ် နွေဈေးကွက်မှာ လေဗာကူဆင်ကြယ်ပွင့် ဖလော်ရီယန်ဝစ်ဇ်ကို ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတိအလင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် ဂျာမဏီလက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဖလော်ရီယန်ဝစ်ဇ်က လေဗာကူဆင်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ လေဗာကူဆင်ရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Sky Sports

ဖလော်ရီယန်ဝစ်ဇ်က ကွင်းလယ်တိုက်စစ်နေရာမှာ အဓိက ကစားလေ့ ရှိပေမယ့် လိုအပ်ရင် နောက်ချန်တိုက်စစ်နဲ့ ဗဟိုကွင်းလယ်တွေမှာပါ ကစားနိုင်စွမ်း ရှိကာ သူဟာ ယခုနှစ် ဘောလုံးရာသီမှာ လေဗာကူဆင် အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၉ကြိမ် အထိ ရရှိထားပါတယ်။

ဖလော်ရီယန်ဝစ်ဇ် အပါအဝင် အဓိက ကစားသမား အများအပြားက သူမတူတဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ဖော် ပြသနေတာကြောင့် လေဗာကူဆင်က ဒီရာသီမှာ ရှုံးပွဲ တပွဲမှ မကြုံတွေ့ရသေးသလို အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး ဘွန်ဒက်လီဂါဖလားကို သိမ်းပိုက် ရယူထားနိုင်ပြီး ပိုကယ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ရှိနေကာ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ တက်နိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။

Photo Credit: Standard

လေဗာကူဆင်နဲ့အတူ တောက်ပနေတာကြောင့်ပဲ ဘိုင်ယန်မြူးနစ် အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်းတွေက ဖလော်ရီယန်ဝစ်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ဝစ်ဇ်ကတော့ လာမယ့်ရာသီကို လေဗာကူဆင်နဲ့သာ ဖြတ်သန်းဖို့ ဆုံးဖြတ်ချက် ချထားပြီး ၂၀၂၅ခုနှစ် နွေဈေးကွက် ရောက်မှသာ အသင်းပြောင်းဖို့ စဉ်းစားမှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ ဒါရိုက်တာ တဦး ဖြစ်သူ အီဘယ်လ်ကတော့ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူလေ့ ရှိတဲ့ သူတို့အသင်းရဲ့ ထုံးစံအတိုင်း ၂၀၂၅ခုနှစ်မှာ ဖလော်ရီယန်ဝစ်ဇ်ကို ခေါ်ယူဖို့ ကြိုးစားမယ်လို့ အတည်ပြု ပြောကြားလာခဲ့ပါတယ်။ အီဘယ်လ်က – “ဝစ်ဇ်လို ကစားသမားမျိုးသာ ဈေးကွက်ထဲမှာ ရှိနေရင် ကျွန်တော်တို့က သူ့ကို ခေါ်ယူဖို့ ကြိုးစားကြည့်မှာပါ။ ဒါပေမယ့် ကစားသမားဘက်က ကျွန်တော်တို့ဆီ ပြောင်းဖို့ ငြင်းဆန်နိုင်တာမျိုးကို ထည့်သွင်း စဉ်းစားထားဖို့တော့ လိုပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။