ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒီနွေမှာ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ အဓိက ကစားသမား တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ခဲ့သလို အခုလည်း ကိန်းရဲ့ စပါးအသင်းဖော်ဟောင်း အဲရစ် ဒိုင်ယာကိုပါ ထပ်မံ ခေါ်ယူသွားနိုင်တော့မယ်လို့ သိရပါတယ်။

ဘိုင်ယန်က အခုဈေးကွက်အတွင်းမှာ ခံစစ်နဲ့ ကွင်းလယ်ပိုင်းတွေအတွက် ကစားသမားသစ် ဖြည့်တင်းသွားချင်နေပြီး အဲ့ဒီအတွက်လည်း ကစားသမား အများအပြားကို စောင့်ကြည့်လျက် ရှိနေရာ လက်ရှိမှာတော့ စပါး နောက်ခံလူ ဒိုင်ယာကို မျက်စိကျလာခဲ့ပါတယ်။

Photo Credit : SportsView

အင်္ဂလန် လက်ရွေးစင်ဟောင်း ဒိုင်ယာက စပါးနည်းပြသစ် ပိုစတီကိုဂလူးလက်ထက်မှာ ပွဲကစားခွင့်တွေ အတော်လေး ဆုံးရှုံးနေရပြီး သူရဲ့ အနာဂတ်ဟာလည်း မရေမရာ ဖြစ်ခဲ့ရပါတယ်။ ဒီအချိန်မှာ ဒိုင်ယာကို ကလပ်အသင်း တချို့က ချိတ်ဆက်လာခဲ့ပြီး လတ်တလောမှာတော့ ဘိုင်ယန်က ဒိုင်ယာကို ခေါ်ယူနိုင်ဖို့ သေချာသလောက် ဖြစ်လာခဲ့ပါတယ်။

ဘိုင်ယန်က ခံစစ်ပိုင်းမှာ ကင်မင်ဂျေး ဒီလစ် အူပါမယ်ကာနိုတို့ကို ပိုင်ဆိုင်ထားပေမယ့် ကင်မင်ဂျေးက အာရှဖလားပြိုင်ပွဲ သွားရောက်ကစားဖို့ ရှိနေသလို ဒီလစ်ကလည်း fitness ပိုင်း အားနည်းချက်တွေ ရှိနေတာကြောင့် ဒိုင်ယာကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

ကနဦးပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြင်သစ် ဝါရင့်နောက်ခံလူ ဗာရန်းကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း ဗာရန်းက ရာသီကုန်တဲ့အထိ ယူနိုက်တက်မှာပဲ ဆက်နေနိုင်တာကြောင့် အခုလို ဒိုင်ယာကို ပြောင်းလဲ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။

အခုဆို ဘိုင်ယန်က ဒိုင်ယာကို ခေါ်ယူဖို့ နှုတ်အားနဲ့ သဘောတူညီမှု ရရှိထားခဲ့ပြီလို့ ဂျာမန်မီဒီယာ များစွာကနေ ဖော်ပြလာခဲ့ပြီး ဘိုင်ယန်အနေနဲ့ ဒိုင်ယာအတွက် ပြောင်းရွှေ့ကြေး ယူရို (၅)သန်းသာ ပေးချေသွားရဖွယ် ရှိနေပါတယ်။ ဒိုင်ယာက ခံစစ်မှာရော ကွင်းလယ်ခံစစ်အတွက်ပါ ကစားနိုင်သူဖြစ်လို့ ဘိုင်ယန်အတွက် အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။