ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ ဆလီဟာမီဒီဇစ်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘွန်ဒက်လီဂါ ပွဲစဉ်(၇)မှာ သူတို့အသင်းဟာ အော့စ်ဘက်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဆင်ခြေတွေ ထပ်မံ မကြားချင်တော့ပဲ ရလဒ်ကောင်းတွေ ပြန်ရဖို့ အမြန်ဆုံး ကြိုးစားရန် လိုအပ်ကြောင်း နည်းပြဖြစ်သူ နစ်ဂယ်စမန်းကို စတင် သတိပေးလိုက်ပါတယ်။

ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ဘွန်ဒက်လီဂါ ပွဲစဉ်(၇) အဖြစ် အော့စ်ဘက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ကစားပုံပိုင်းအရ အသာစီး အရမယူနိုင်ခဲ့သလို ကစားပုံ လျော့ရဲမှုတွေလည်း ရှိခဲ့တာကြောင့် အော့စ်ဘက် တိုက်စစ်မှူး ဘာရီရှရဲ့ တလုံးထဲသော သွင်းဂိုးကို ပြန်လည် ချေပနိုင်ခြင်း မရှိခဲ့ပဲ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

Photo Credit: Sports Buzzer

အော့စ်ဘက်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် ဘိုင်ယန်မြူးနစ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်လီဂါ ၄ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ရပြီး အဆိုပါ ၄ပွဲမှာ ၃ပွဲသရေ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

အဆိုပါ ရလဒ်ဆိုးတွေကြောင့်ပဲ ဘိုင်ယန်မြူးနစ်ဟာ ပွဲစဉ်(၇) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်၄ နေရာ အထိ ရောက်ရှိနေပြီး ဘိုင်ယန်မြူးနစ်ရဲ့ အားကစားဒါရိုက်တာ ဆလီဟာမီဒီဇစ်ကတော့ သူတို့အသင်းရဲ့ ရလဒ်ဆိုးတွေ အတွက် ဆင်ခြေတွေ ထပ်မကြားချင်တော့ပဲ ရလဒ်ကောင်းတွေသာ မြင်ချင်တော့ကြောင်း အော့စ်ဘက်နဲ့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sports Buzzer

ဆလီဟာမီဒီဇစ်က – “ကျွန်တော်တို့အသင်းက အခြေအနေတွေကို အကောင်းဆုံး မထိန်းကျောင်းနိုင်ခဲ့ပါဘူး။ ကစားသမားတွေက ပွဲထဲမှာ အာရုံစူးစိုက်မှု လျော့ကျနေပြီး သွင်းဂိုးတွေ သွင်းယူဖို့လည်း စိတ်အားထက်သန်မှု မရှိကြတော့ပါဘူး။ ပြီးတော့ ကျွန်တော်တို့က တဖက်အသင်းရဲ့ အခွင့်အရေး နည်းနည်းလေးတွေကိုလည်း အကောင်းဆုံး ဟန့်တားနိုင်ခြင်း မရှိတာကြောင့် ပေးဂိုးတွေ ခွင့်ပြုပေးနေရပါတယ်။ ဒီလို ကစားပုံမျိုးနဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲကို အနိုင်မရနိုင်ပါဘူး။ တကယ်လို့ ကျွန်တော်တို့သာ လိုအပ်နေတဲ့ စည်းကမ်းပိုင်းကို ဒီထက်ပိုပြီး မတင်းကျပ်နိုင်ဘူး ဆိုရင် ဘွန်ဒက်လီဂါကို ဗိုလ်စွဲဖို့ မဖြစ်နိုင်လောက်ပါဘူး။ ဒီတော့ ဆင်ခြေတွေ ထပ်မကြားချင်တော့ဘူး။ အခုကစပြီး နိုင်ပွဲတွေပဲ လိုချင်ပါတော့တယ်” လို့ သတိပေးစကား ပြောကြားသွားခဲ့တာပါ။