ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာအနေနဲ့ သူတို့ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကို တခါထဲ အပြည့်အဝ ပေးချေနိုင်မှသာ လီဝမ်ဒေါစကီးကို ခေါ်ယူနိုင်မှာ ဖြစ်ကြောင်းနဲ့ လီဝမ်ဒေါစကီးကို အရစ်ကျစနစ်နဲ့ မရောင်းပေးနိုင်ဘူးလို့ သတိပေးလိုက်ကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့ပြီး ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့လည်း ငြင်းဆန်ထားသလို လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာခွင့်ပါ တောင်းခံထားပါတယ်။

Photo Credit: Kicker

လက်ရှိမှာတော့ လီဝမ်ဒေါစကီးက ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားပြီး ဘာစီလိုနာကလည်း လီဝမ်ဒေါစကီးကို ခေါ်ယူနိုင်ဖို့ ဘိုင်ယန်မြူးနစ်ထံ ကမ်းလှမ်းမှုတွေ အဆက်မပြတ် လုပ်ထားပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေးသာ မရရင် လီဝမ်ဒေါစကီးကို ရောင်းမထုတ်ဘူးလို့ တရားဝင် ပြောကြားထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က လီဝမ်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း လိုချင်နေပြီး ဘာစီလိုနာက လီဝမ်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းတန် ကမ်းလှမ်းမှု တရပ် လုပ်ထားပေမယ့် သူတို့ရဲ့ ကမ်းလှမ်းမှုက အရစ်ကျစနစ်နဲ့ ဖြစ်နေတာကြောင့် ဘိုင်ယန်မြူးနစ်ဘက်က ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လက်ခံ ဆွေးနွေးခြင်း မရှိပဲ ပယ်ချခဲ့သလို လီဝမ်ဒေါစကီးကို လိုချင်ရင် ပြောင်းရွှေ့ကြေး အကုန်လုံးအား တခါထဲ ပေးချေရမယ်လို့ ပြန်လည် တုံ့ပြန်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Kicker

ဘိုင်ယန်မြူးနစ် သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည်စိတ်ချရတဲ့ Kicker သတင်းဌာနကလည်း ဘိုင်ယန်မြူးနစ်က ဘာစီလိုနာရဲ့ အရစ်ကျစနစ်နဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ကြောင်း အတည်ပြုပေးခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ဘာစီလိုနာဟာ လာမယ့် ၂နှစ် အတွင်းမှာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ထပ်မံ ရင်ဆိုင်ရဖွယ် ရှိတာကြောင့် သူတို့ကသာ လီဝမ်ဒေါစကီးကို ရောင်းချလိုက်ရင် အကြွေးတွေ ပြန်မရမှာကို စိုးရိမ်နေကြောင်း ဖော်ပြထားပါတယ်။