ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ရာဘီယော့ကို အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ရာဘီယော့က ဂျူဗင်တပ်ရဲ့ ကွင်းလယ်ကို အဓိက ဦးဆောင် ကစားနေသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ်အတွက် ပြိုင်ပွဲစုံ ၂၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပါတယ်။

Photo Credit: Goal

ရာဘီယော့က ဂျူဗင်တပ်ရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းပြ ကစားနေပေမယ့် သူနဲ့ ဂျူဗင်တပ်တို့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး ဂျူဗင်တပ်က ရာဘီယော့ကို စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ရာဘီယော့က စာချုပ်သစ် ချုပ်ဆိုမယ် ၊ မချုပ်ဆိုဘူး ဆိုတာကို အတိအကျ မပြောသေးပါဘူး။

ရာဘီယော့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ ရာဘီယော့ရဲ့ အေးဂျင့်အဖြစ် လုပ်ကိုင်နေတဲ့ မိခင်ဖြစ်သူ ဗီရိုနီကာဟာ လာမယ့် နွေဈေးကွက် အတွင်းမှာ သူ့သားအတွက် ရောက်လာမယ့် ကမ်းလှမ်းမှုတွေ အားလုံးကို နားထောင်ပြီးမှ အသင်းသစ် ပြောင်းမလား ၊ ဂျူဗင်တပ်မှာပဲ ဆက်နေမလား ဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ ဖော်ပြထားကြပါတယ်။

Photo Credit: Goal

နာမည်ကြီး ဂျာမန်သတင်းထောက် တဦး ဖြစ်သူ ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ရာဘီယော့ကို လာမယ့် နွေဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူ တဦး ဖြစ်သူ ဆလီဟာမီဒီဇစ်က ရာဘီယော့ရဲ့ အမာခံ ပရိသတ် ဖြစ်ကြောင်း သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ် အပြင် ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ကလည်း ရာဘီယော့ကို ခေါ်ယူချင်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ရာဘီယော့ရဲ့ အသင်းသစ်က ဘယ်အသင်း ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။