ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ ထုံးစံတခုလို ဖြစ်နေတဲ့ အဓိက ပြိုင်ဘက် ဒေါ့မွန်ရဲ့ အဓိက ကစားသမားတွေကို ခေါ်ယူလေ့ ရှိတဲ့ ဝသီအတိုင်းပဲ ယခုနှစ် ဘောလုံးရာသီမှာ ဒေါ့မွန်နဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မူခိုခိုကို အလွတ်နဲ့ ခေါ်ယူရန် ကြိုးစားနေပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမဏီ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မူခိုခိုက ဟာလန်း မရှိတော့တဲ့နောက် ၊ အားကိုးတကြီးနဲ့ ဝယ်ထားတဲ့ ဟော်လာ တယောက် ဒဏ်ရာရနေတဲ့အချိန် ဒေါ့မွန်ရဲ့ တိုက်စစ်ကို အဓိက ဦးဆောင် ကစားပေးနေရတဲ့ လူငယ် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၆ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Express

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဂျာမဏီနည်းပြ ဟန်ဆီ ဖလစ်ခ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်မယ့် ဂျာမဏီရဲ့ လူစာရင်းထဲကို မူခိုခိုအား ခေါ်ယူခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ မူခိုခိုက ဂျာမဏီအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် လေ့ကျင့် ပြင်ဆင်နေပါတယ်။

ဂျာမန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ ဒေါ့မွန်က အသင်းနဲ့ စာချုပ်သက်တမ်း ၆လကျော်သာ ကျန်တော့တဲ့ မူခိုခိုကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပြီး တဖက်မှာလည်း ဘိုင်ယန်မြူးနစ်က ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် မူခိုခိုကို ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် ကြိုးစားနေကြောင်း သိရပါတယ်။

Photo Credit: Express

ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝန်ဒေါစကီးကို ဘာစီလိုနာထံ ရောင်းချခဲ့ပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အရည်အသွေးမြင့် အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်း ဖြစ်ပြီး မူခိုခိုလို အလားအလာမြင့် လူငယ်ကြယ်ပွင့် တဦးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးဟာ ဘိုင်ယန်မြူးနစ် အတွက် သာမကပဲ ဥရောပ အသင်းကြီး အားလုံးအတွက်ပါ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေး တခုပါ။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီ အသင်းခေါင်းဆောင် ဂိုးသမား နူအာက မူခိုခိုကို ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လာဖို့ အနီးကပ် စည်းရုံးမှုတွေ လုပ်ဆောင်နေပြီး မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း နူအာက မူခိုခိုကို ဘိုင်ယန်မြူးနစ်ဆီ ပြောင်းလာဖို့ ထုတ်ပြောခဲ့ပါသေးတယ်။