ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် ချယ်လ်ဆီးရဲ့ တိုက်စစ်ကစားသမား ကိုင် ဟားဗက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်ဟာ ကိုင် ဟားဗက်ဇ်ကို ခေါ်ယူနိုင်ဖို့ အရှိန်အဟုန်မြှင့် စတင် ကြိုးပမ်းနေကြောင်း ဂျာမန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝန်ဒေါစကီးကို ဆုံးရှုံးခဲ့ရပြီးနောက် ဆီနီဂေါ တိုက်စစ်မှူး ဆာဒီယို မာနေးကို အသင်းဆီ ခေါ်ယူကာ ခရီးဆက်ဖို့ ကြိုးစားခဲ့ပေမယ့် မာနေးက တိုက်စစ်မှူးစစ်စစ် မဟုတ်တာကြောင့် မိုးထဲ ရေထဲ ရောက်လာရင် အသင်းအတွက် သွင်းဂိုးတွေ ရှာဖွေပေးနိုင်စွမ်း မရှိခဲ့ပါဘူး။

Photo Credit: Four Four Two

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်က ယခု နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို အသင်းဆီ မဖြစ်မနေ ခေါ်ယူဖို့ စီစဉ်ထားပြီး ကနဦးမှာ ဘိုင်ယန်မြူးနစ်က စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ၊ နာပိုလီတိုက်စစ်မှူး အိုဆီမန်နဲ့ ဂျူဗင်တပ် တိုက်စစ်မှူး ဗလာဟိုဗစ်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် တိုက်စစ်မှူး တဦး အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းလောက် မသုံးစွဲချင်တာကြောင့် အဆိုပါ တိုက်စစ်မှူးတွေကို မခေါ်တော့ဖို့ ပြန်ပြောင်း ဆုံးဖြတ်လိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်း ၊ အိုဆီမန်နဲ့ ဗလာဟိုဗစ်တို့ကို လက်လွှတ်ခဲ့ရပြီးနောက် ချယ်လ်ဆီးကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ဂျာမဏီ တိုက်စစ်မှူး ကိုင် ဟားဗက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ကိုင် ဟားဗက်ဇ်ရဲ့ အေးဂျင့်ကို ဆက်သွယ်မှုတွေ စတင် ပြုလုပ်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ် ဘုတ်အဖွဲ့က ပြောင်းရွှေ့ကြေး နည်းပါးသလို ဂျာမဏီသားလည်း ဖြစ်တဲ့ ကိုင် ဟားဗက်ဇ်ကို မရရအောင် ခေါ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်လ်ကလည်း သူ့ရဲ့ တပည့်ဟောင်း ကိုင် ဟားဗက်ဇ်နဲ့ ပြန်လည် လက်တွဲဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ဘိုင်ယန်မြူးနစ်ဟာ ကိုင် ဟားဗက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားတော့မယ့် အကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ချယ်လ်ဆီးကတော့ ဟားဗက်ဇ် အတွက် ပေါင် ၇၀သန်း ဝန်းကျင် လိုချင်နေပါတယ်။