ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် ပူပူနွေးနွေး အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ အယ်ဗာရက်ဇ်ကို ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း ယုံကြည် စိတ်ချရတဲ့ ဂျာမန်သတင်းထောက်တွေက ဖော်ပြလာကြပါတယ်။

ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝန်ဒေါစကီးကို ဘာစီလိုနာဆီ ရောင်းထုတ်ပြီးနောက် လီဗာပူးရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ ဆာဒီယို မာနေးကို ခေါ်ယူခဲ့ပေမယ့် မာနေးဟာ သူတို့ရဲ့ ကစားကွက်ထဲမှာ အံဝင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်က လာမယ့် နွေဈေးကွက် အတွင်းမှာ ဆာဒီယို မာနေးကို ပြန်လည် ရောင်းထုတ်ကာ အရည်အသွေးမြင့် တိုက်စစ်မှူး တဦးကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပြီး ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ချင်ခဲ့ပေမယ့် ဟယ်ရီကိန်းရဲ့ အသက်အရွယ်နဲ့ ပြောင်းရွှေ့ကြေးကြောင့် ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေမှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို မခေါ်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက် သူတို့ရဲ့ တခြား ပစ်မှတ် တိုက်စစ်မှူးတွေကို ခေါ်ယူဖို့ ကြိုးစားလာခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ ပစ်မှတ် ကစားသမား စာရင်းထဲမှာ မန်ချက်စတာ စီးတီး တိုက်စစ်မှူး အယ်ဗာရက်ဇ်ဟာ ထိပ်ဆုံးမှာ ပါဝင်နေပါတယ်။

Photo Credit: Football 365

နာမည်ကြီး ဂျာမန် သတင်းထောက် ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေနဲ့ နည်းပြချုပ် တူဟယ်လ်က အယ်ဗာရက်ဇ်ဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို ဆယ်စုနှစ် တစုလောက် ဦးဆောင်ပေးနိုင်မယ့် ကစားသမား အဖြစ် ရှုမြင်နေကြပြီး အယ်ဗာရက်ဇ်ကို ခေါ်ယူနိုင်ရန် ကြိုးစားတော့မယ်လို့ သိရပါတယ်။

အသက် ၂၃နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး အယ်ဗာရက်ဇ်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၇ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် ဟာလန်းရဲ့နောက် ဒုတိယ ဦးစားပေး တိုက်စစ်မှူး အဖြစ်သာ ကစားနေရတာကြောင့် ဘိုင်ယန်မြူးနစ်ကသာ သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် လုပ်ခဲ့ရင် အယ်ဗာရက်ဇ်ဟာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ ကစားနိုင်ပါတယ်။