MySport Myanmar

ပီအက်စ်ဂျီခံစစ်မှူး မူခီလီကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဘိုင်ယန်မြူးနစ်

Bayern Munich's German midfielder Jamal Musiala (R) and Paris Saint-Germain's French defender Nordi Mukiele vie for the ball during the UEFA Champions League round of 16, 2nd-leg football match FC Bayern Munich v Paris Saint-Germain FC in Munich, southern Germany, on March 8, 2023. (Photo by FRANCK FIFE / AFP)

ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ ခံစစ်ကြောင်း အတွက် ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ ညာနောက်ခံလူ မူခီလီကို ရာသီဝက်အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘိုင်ယန်မြူးနစ်က လက်ရှိ ဥရောပရဲ့ အကောင်းဆုံးအသင်း ၃သင်း စာရင်းထဲမှာ ပါဝင်နေပေမယ့် သူတို့အသင်းရဲ့ ကစားသမား အင်အားက အခြား ထိပ်သီးအသင်းတွေနဲ့ ယှဉ်ရင် အားနည်းပြီး အထူးသဖြင့် ပွဲထွက် ကစားသမားတွေ ဒဏ်ရာရ (သို့) ပွဲပယ်ခံရရင် ဝင်ကစားနိုင်တဲ့ အရန်ကစားသမား အင်အားဟာ အတော်လေးကို နည်းပါးနေပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ယခု ဆောင်းဈေးကွက် အတွင်းမှာ ဗဟိုခံစစ် ၊ ကွင်းလယ်ခံစစ် ၊ ညာနောက်ခံ စတဲ့ နေရာ ၃နေရာကို အင်အားဖြည့်တင်းမှုတွေ လုပ်ချင်နေပြီး ဘိုင်ယန်မြူးနစ်က ဗဟိုခံစစ်နဲ့ ကွင်းလယ်ခံစစ် နှစ်နေရာစလုံးမှာ ကစားနိုင်တဲ့ စပါးကစားသမား အဲရစ် ဒိုင်ယာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

နာမည်ကြီး ဂျာမန်သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ညာနောက်ခံနေရာ အတွက် ပီအက်စ်ဂျီရဲ့ ညာနောက်ခံလူ မူခီလီကို ခေါ်ယူချင်နေပြီး ဘိုင်ယန်မြူးနစ်ဟာ မူခီလီကို ရာသီဝက်အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ ဆွေးနွေးမှုတွေ လုပ်နေကြောင်း သိရပါတယ်။

Photo Credit: Goal

အသက် ၂၆နှစ် အရွယ် ပြင်သစ် ညာနောက်ခံလူ မူခီလီက ၂၀၂၂ခုနှစ်မှာ လိုက်ပ်ဇစ် ကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ကြေး ယူရို ၁၂သန်းနဲ့ ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပြီး သူက ပီအက်စ်ဂျီမှာ ဟာခီမီရဲ့ အရန်ညာနောက်ခံလူ အဖြစ်သာ ကစားခွင့်ရနေပါတယ်။

ဘိုင်ယန်မြူးနစ်က ဘွန်ဒက်လီဂါ အတွေ့အကြုံ ရှိတဲ့ မူခီလီကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေသလို မူခီလီကလည်း ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လာချင်နေပြီး ဘိုင်ယန်မြူးနစ်က မူခီလီကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ကာ လာမယ့် နွေဈေးကွက် ရောက်ရင် ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူဖို့ စီစဉ်ထားကြောင်း ခရစ်ရှန် ဖော့ခ်က ဆိုပါတယ်။

Exit mobile version