ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ သူတို့အသင်းကို စွန့်ခွာကာ စပိန်ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေတဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း အထိ လိုချင်နေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန် လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်ရဲ့ သက်တော်ရှည် ကစားသမား တဦး ဖြစ်သလို မရှိမဖြစ် တိုက်စစ်မှူး အဖြစ်ပါ ခြေစွမ်းပြ ကစားနိုင်သူ ဖြစ်ပေမယ့် အသင်းရဲ့ နည်းပြသစ် နစ်ဂယ်စမန်းနဲ့ ဆက်ဆံရေး မပြေလည်တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဘိုင်ယန်မြူးနစ်ထံ တောင်းဆိုထားသူပါ။

Photo Credit: Bild

လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်ကို စွန့်ခွာပြီးနောက် ဘာစီလိုနာနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ထားကာ ဘာစီလိုနာကလည်း သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေသလို လီဝမ်ဒေါစကီးနဲ့ပါ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်ပါတယ်။

လက်ရှိမှာ ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတာကြောင့် လီဝမ်ဒေါစကီးရဲ့ အပြောင်းအရွှေ့ အတွက် ဘိုင်ယန်မြူးနစ်နဲ့ တရားဝင် ဆွေးနွေးထားနိုင်ခြင်း မရှိသေးပေမယ့် အသင်းရဲ့ အဓိက ကွင်းလယ်လူ ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းထုတ်ပြီးရင်တော့ လီဝမ်ဒေါစကီးရဲ့ အပြောင်းအရွှေ့ အတွက် ဘိုင်ယန်မြူးနစ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဖို့ ပြင်ဆင်ထားပါတယ်။

Photo Credit: Bild

ဘာစီလိုနာက ယခုလ အတွင်းမှာပဲ လီဝမ်ဒေါစကီး အတွက် ဘိုင်ယန်မြူးနစ်ထံ တရားဝင် မဟုတ်တဲ့ ကမ်းလှမ်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ဟာ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှု ၂ကြိမ်လုံးကို ငြင်းဆန် ပယ်ချထားခဲ့ပြီး သူတို့ရဲ့ တောင်းဆိုချက်ကိုသာ ဘာစီလိုနာဘက်က မလိုက်လျောနိုင်ရင် လီဝမ်ဒေါစကီးကို လုံးဝ ရောင်းထုတ်မှာ မဟုတ်ဘူးလို့လည်း အတိအလင်း ပြောကြားထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ လီဝမ်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း လိုချင်နေပြီး ဘာစီလိုနာဘက်က ဘိုင်ယန်မြူးနစ်ရဲ့ တောင်းဆိုမှုကို လိုက်လျောမှသာ လီဝမ်ဒေါစကီးကို ခေါ်ယူနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။