ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်း အတွက် လန်ဒန်ကလပ် ဖူလ်ဟမ်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ပယ်လ်ဟင်ဟာကို ခေါ်ယူရန် ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်က ဥရောပရဲ့ လူအင်အား အတောင့်တင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်ပေမယ့် သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းက အတော်လေးကို အားနည်းနေပြီး ကွင်းလယ်ခံစစ် ကစားသမားစစ်စစ် မရှိပဲ ကင်းမစ်ချ်ကိုသာ ကွင်းလယ်ခံစစ် ကစားသမား အဖြစ် သုံးနေရပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်နည်းပြချုပ် တူဟယ်လ်က နွေဈေးကွက် မပိတ်မီမှာ ကွင်းလယ်ခံစစ် ကစားသမား တဦးကို ခေါ်ယူပေးဖို့ ဘိုင်ယန်မြူးနစ် ဘုတ်အဖွဲ့ထံ တောင်းဆိုထားပြီး ဘိုင်ယန်မြူးနစ် ဘုတ်အဖွဲ့က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ တော်မီနေးကို ခေါ်ယူဖို့ ဆွေးနွေးမှု တချို့ လုပ်ခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းတော့ မရှိပါဘူး။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ယနေ့မှာပဲ ပယ်လ်ဟင်ဟာကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ရော ၊ ဖူလ်ဟမ်နဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ပယ်လ်ဟင်ဟာက ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကာ ဖူလ်ဟမ်ကတော့ ပယ်လ်ဟင်ဟာရဲ့ နေရာကို အစားဝင်နိုင်မယ့် ကစားသမားသစ် တဦး ခေါ်ယူနိုင်မှသာ ပယ်လ်ဟင်ဟာကို အသင်းပြောင်းခွင့် ပေးမယ်လို့ သိရပါတယ်။

Photo Credit: Sky Sports

ဘိုင်ယန်မြူးနစ်က ဖူလ်ဟမ်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ပယ်လ်ဟင်ဟာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် ပေးချေရနိုင်ပြီး ဖူလ်ဟမ်ကတော့ ပယ်လ်ဟင်ဟာရဲ့ နေရာကို အစားဝင်နိုင်မယ့် ကွင်းလယ်ခံစစ် ကစားသမား တဦးကို အပူတပြင်း လိုက်ရှာနေပါတယ်။

ဖူလ်ဟမ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ တော်မီနေး ၊ လက်စတာ စီးတီး ကွင်းလယ်လူ အန်ဒီဒီနဲ့ ပီအက်စ်ဗွီ ကွင်းလယ်လူ ဆန်ဂရီတို့ ပါဝင်နေပြီး ဖူလ်ဟမ်က ဘယ်ကစားသမားကို ရွေးချယ် ခေါ်ယူသွားမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။