ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ဟာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်လူ ဂရာဗန်ဘက်ကို ခေါ်ယူနိုင်ဖို့ အတွက် အေဂျက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လူငယ်ကွင်းလယ်လူ ဂရာဗန်ဘက်ဟာ အေဂျက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး ဗဟိုကွင်းလယ် ၊ ကွင်းလယ်ခံစစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တဦးပါ။

Photo Credit: Standard

ဂရာဗန်ဘက်ဟာ အေဂျက်နဲ့အတူ တောက်ပနေတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် သူက အေဂျက်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်ရှိတော့သလို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့လည်း ငြင်းဆန်ထားတာကြောင့် အေဂျက်ဘက်က သူ့ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

အေဂျက်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တာကြောင့်ပဲ ဥရောပ အသင်းကြီး အများစုက ဂရာဗန်ဘက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်ဟာ အခြားအသင်းတွေကို ကျော်ဖြတ်ကာ ဂရာဗန်ဘက်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့သလို လက်ရှိမှာလည်း အေဂျက်နဲ့ ဂရာဗန်ဘက်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပါပြီ။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ဟာ ဂရာဗန်ဘက် အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း + အပိုဆုကြေး ယူရို ၁၀သန်း ဆိုတဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်ထားပြီး အေဂျက်ကတော့ ဂရာဗန်ဘက် အတွက် ပြောင်းရွှေ့ကြေးကို ပိုမို အလိုရှိနေကာ နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးမှုတွေ ဆက်လက် ရှိနေသေးကြောင်း သိရပါတယ်။