ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ စပိန် အင်အားကြီးကလပ် ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် လူငယ် ကွင်းလယ်ကြယ်ပွင့် ဂါဗီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်လက်ရွေးစင် လူငယ် ကွင်းလယ်ကြယ်ပွင့် ဂါဗီက ဘာစီလိုနာရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ၂၀၂၂ခုနှစ်ရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကိုပါ သိမ်းပိုက် ရရှိထားသူပါ။

Photo Credit: Sports Brief

ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်နေရာစုံမှာ ဆော့ကစားနိုင်တဲ့ ဂါဗီက ဘောလုံးပညာမှာ ပါရမီ ပါတဲ့ ကစားသမား တဦး ဖြစ်သလို အသင်းအတွက် တုံးတိုက်တိုက် ကျားကိုက်ကိုက် ရေကုန်ရေခမ်း ဆော့ပေးလေ့ ရှိတာကြောင့် အချိန်တို အတွင်းမှာ ဘာစီလိုနာ ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်လာသူပါ။

သူ့ရဲ့ ခြေစွမ်းကောင်းနဲ့ ပါရမီတွေကြောင့်ပဲ ဘာစီလိုနာက ဂါဗီကို ကာလရှည် စာချုပ်တရပ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတာကြောင့် ဘာစီလိုနာက ဂါဗီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ခက်ခဲနေပြီး ဘာစီလိုနာနဲ့ ဂါဗီတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Sports Brief

လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ် အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်းတွေက ဂါဗီကို နွေဈေးကွက် အတွင်းမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘာစီလိုနာကတော့ ဂါဗီကို လက်မလွှတ်ရရေး အတွက် ကစားသမားကိုရော သူ့ရဲ့ အေးဂျင့်ကိုပါ စာချုပ်သစ် ချုပ်နိုင်တဲ့ အထိ အသင်းမှာပဲ ဆက်နေပေးဖို့ တောင်းဆိုထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ဂါဗီကို သူတို့အသင်းရဲ့ နွေရာသီ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေဟာ ဂါဗီရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် စုံစမ်းမှုတွေ လုပ်ထားသလို ဘိုင်ယန်မြူးနစ်က တခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ဂါဗီကို ခေါ်ယူနိုင်ဖို့ ဂါဗီရဲ့ တောင်းဆိုမှု မှန်သမျှကို လိုက်လျောရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။