ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျာမန် အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြင်သစ်အင်အားကြီး အသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ၂၀၁၉ – ၂၀၂၀ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ် အသင်းဟာ တောင်ပံ ကစားသမား ကင်စလေ ကိုးမန်းရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိကာ ချန်ပီယံလိဂ် ဆုဖလားကို သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ယခုနှစ် ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ဖလားကို ရရှိခဲ့တာဟာ ဘိုင်ယန်မြူးနစ်အသင်း အနေနဲ့ သူတို့အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ ၆ကြိမ်မြောက် အဖြစ် ချန်ပီယံလိဂ် ဖလားကို ရရှိခဲ့တာ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းဟာ ဖလားသုံးလုံး အောင်ပွဲကိုလည်း ရရှိခဲ့တယ် လို့ သိရပါတယ်။

Photo Credit: NY Times

 

ပေါ်တူဂီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်း ဟာ ပီအက်စ်ဂျီအသင်းကို အနိုင်ရဖို့အတွက် အကြိတ်အနယ် ကြိုးစား သွားခဲ့ရပြီး ဂိုးသမား နူအာ ၊ ညာနောက်ခံလူ ကင်းမစ်ချ် ၊ ကွင်းလယ်လူ သီယာဂို ၊ တောင်ပံ ကစားသမား ကိုးမန်းတို့ ခြေစွမ်းပြ နိုင်ခဲ့တာကြောင့်သာ ပီအက်စ်ဂျီအသင်း ကို အခက်အခဲမရှိ အနိုင်ရခဲ့တာပါ။ ပီအက်စ်ဂျီ အသင်းဘက်ကတော့ အဆိုပါပွဲစဉ်မှာ ဂိုးသွင်းခွင့်တချို့ ရခဲ့ပေမယ့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ နေမာ ၊ အမ်ဘာပေ ၊ ချူပိုမော်တင် နဲ့ ဒီမာရီယာတို့က အသုံးမချနိုင်ခဲ့တာကြောင့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ မရခဲ့တာပဲ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းအတွက် တစ်လုံးတည်းသော အဖိုးတန် သွင်းဂိုးကိုတော့ ပွဲချိန် ၅၉မိနစ်မှာ ကင်းမစ်ချ်ရဲ့ ဖြတ်တင်ဘောကနေ တဆင့် ဘယ်တောင်ပံ ကစားသမား ကိုးမန်းက ခေါင်းတိုက်ကာ သွင်းယူပေးခဲ့တာပါ။

Photo Credit: NY Times

ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်း ဟာ ဂုဏ်ယူစရာကောင်းတဲ့ ဖလားသုံးလုံးပိုင်ရှင် အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး ဘွန်ဒက်လီဂါ ၊ ဂျာမန် ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလား တို့ကို ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ ရရှိခဲ့တာပါ။ ယခုလို ချန်ပီယံလိဂ်ဖလား အပါအဝင် ဖလာသုံးလုံးကို တစ်နှစ်အတွင်း ရရှိခဲ့တာဟာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ ဒုတိယအကြိမ် ဖြစ်ခဲ့သလို အဆိုပါ ဖလားသုံးလုံး အောင်ပွဲကြောင့်ပဲ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ပြိုင်ဘက်ကင်း မှတ်တမ်း တစ်ခုကို လိုက်မှီခဲ့တယ် လို့ သိရပါတယ်။

Photo Credit: NY Times

 

ဘိုင်ယန်မြူးနစ်အသင်း လိုက်မှီခဲ့တဲ့ စံချိန် မှတ်တမ်း ကတော့ ဖလားသုံးလုံး အောင်မြင်မှုကို တစ်ကြိမ်ထက် ပိုမို ရရှိဖူးတဲ့ အသင်းဆိုတဲ့ စံချိန်မှတ်တမ်း ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၁၂ – ၂၀၁၃ ဘောလုံးရာသီမှာလည်း ယခု ရာသီလို ချန်ပီယံလိဂ် ဆုဖလား အပါအဝင် ဖလားသုံးလုံးကို တစ်နှစ်ထဲ ရရှိခဲ့ပြီး ယခုတစ်ကြိမ်နဲ့ဆိုရင် ဖလားသုံးလုံးကို တစ်နှစ်ထဲမှာ အရယူနိုင်တာဟာ နှစ်ကြိမ်တိတိ ရှိနေပါပြီ။ ဘာစီလိုနာအသင်းကလည်း ချန်ပီယံလိဂ် ဆုဖလား အပါအဝင် ဖလားသုံးလုံးကို ၂၀၀၈-၂၀၀၉ ခုနှစ်နဲ့ ၂၀၁၄-၂၀၁၅ ခုနှစ်တွေမှာ အရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။