ဘိုင်ယန်မြူးနစ် ကွင်းလယ် ကစားသမားဟောင်း မာသီးယက်စ်က လက်ရှိ ဘိုင်ယန် တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ဆက်ခံနိုင်မယ့် ကစားသမား ဖြစ်ပြီး ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးလည်း ဖြစ်ပါတယ်လို့ ချီးကျူးသွားလိုက်တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး လီဝန်ဒေါ့စကီးကတော့ ပြီးခဲ့တဲ့ စနေနေ့ညက၊ ချဲလ်ဆီးအသင်းကို (၄-၁) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယ အကျော့ ပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် လက်ရှိရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၅၃) ဂိုးအထိ ရှိလာနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို နှစ်ကျော့ပေါင်း (၇-၁) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် လာမယ့် သြဂုတ်လ (၁၅) ရက်နေ့မှာ ဘာစီလိုနာ အသင်းနဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်ကို ထိပ်တိုက် ကစားသွားရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဘောလုံး သမိုင်းမှာ ဘလွန်းဒီအော်ဆုကို (၆) ကြိမ်အထိ အများဆုံး ရရှိထားတာ ဖြစ်ပြီး ဘိုင်ယန် ကစားသမားဟောင်း မာသီးယက်စ်က ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါ့စကီးအနေနဲ့ မက်ဆီရဲ့ ဆက်ခံသူ ဖြစ်လာနိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

Bild သတင်းမှာ မာသီးယက်စ်က “မက်ဆီက ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ယောက်အနေနဲ့ လာမယ့် ပွဲစဉ်မှာ သူ့ရဲ့ ဆက်ခံသူ လီဝန်ဒေါ့စကီးနဲ့ တွေ့ဆုံရမှာပါ။ လီဝန်ဒေါ့စကီးက အကောင်းဆုံး တိုက်စစ်မှူးသာ မဟုတ်ဘဲ အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်။ ဒီနေ့ခေတ် ဘာစီလိုနာအသင်းက အရင်ကလို အသင်းမျိုးနဲ့ မတူတော့ပါဘူး။ သူတို့မှာ မက်ဆီ ရှိပါတယ်။ ဟုတ်တာပေါ့ဗျာ။ မက်ဆီလို ကစားသမားက ပါရမီ စွမ်းရည်တွေကို အမြဲတမ်း ပြနိုင်ပါတယ်။ ဒါပေမယ့်လည်း မက်ဆီ တစ်ယောက်တည်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ရင်ဆိုင် ကစားဖို့တော့ မလုံလောက်ပါဘူး။ ဘာစီလိုနာအသင်းက မကြောက်လန့်စေပါဘူး”လို့ ပြောကြားသွားပါတယ်။