ပြီးခဲ့တဲ့စနေနေ့က ဒေါ့မွန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်အတွင်း ပထမပိုင်း ပွဲကစားချိန်မှာ ဒူးဒဏ်ရာရသွားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂျိုရှုအာကင်မစ်ချ်ဟာ သူရဲ့ဒဏ်ရာကို ခွဲစိတ်မှုခံယူရတော့မှာဖြစ်ပြီး ဒဏ်ရာကြောင့် လာမယ့် ၂၀၂၁ခုနှစ်လောက်အထိ အနားယူရနိုင်ပြီး ၂၀၂၁ ဇန်နဝါရီလလောက်မှသာ အသင်းနဲ့ ပြန်လည်ပူးပေါင်းဖွယ်ရှိတယ်လို့ ဘိုင်ယန်ဘက်ကနေ တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Bavarian Football Works

အသက်(၂၅)နှစ်အရွှယ် ဂျာမန်ကွင်းလယ်ကစားသမား ကင်မစ်ချ်ဟာ ဘိုင်ယန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းရဲ့ကွင်းလယ်ပိုင်းမှာ မရှိမဖြစ် အရေးပါလှတဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။ ကင်မစ်ချ်ဟာ ဒေါ့မွန်နဲ့ပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ကစားခဲ့ရပြီး မိနစ်(၃၀)အကျော်လောက်မှာပဲ ဒူးဒဏ်ရာရသွားခဲ့တာကြောင့် ပွဲကို ဆက်မကစားနိုင်တော့ပဲ လူစားလဲခဲ့ရသလို ဒဏ်ရာအခြေအနေဆိုးရွှားခဲ့လို့ ခွဲစိတ်မှု ခံယူရတော့မှာဖြစ်သလို လာမယ့် ဇန်နဝါရီလလောက်မှသာ ပြန်လည်ကောင်းမွန်လာနိုင်တယ်လို့ ဘိုင်ယန်ဘက်ကနေ ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Goal

ကင်မစ်ချ် ထွက်ခွာသွားရတဲ့နောက်ပိုင်းမှာ ဘိုင်ယန်တို့ ကွင်းလယ်ပိုင်းက လိုအပ်ချက်အနည်းငယ် ရှိခဲ့ပေမယ့်လည်း ဒေါ့မွန်ကိုတော့ အနိုင်ရအောင် ကစားသွားနိုင်ခဲ့လို့ စိတ်ကျေနပ်မှု ရှိခဲ့ရတယ်လို့ ဘိုင်ယန်နည်းပြ ဟန်ဆီဖလစ်က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ကွင်းလယ်ခံစစ်နဲ့ ညာနောက်ခံနေရာတွေမှာပါ ပါဝင်ကစားတတ်သူဖြစ်တဲ့ ကင်မစ်ချ်ဟာ ဒီရာသီမှာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ(၁၁)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၃)ဂိုးနဲ့ ဂိုးဖန်တီးမှု(၇)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် (၁၁)ပွဲအတွင်းမှာ (၁၀)ဂိုးအထိ ပါဝင်ပတ်သက်ထားခဲ့နိုင်တဲ့ ကင်မစ်ချ်လို ကစားသမားတစ်ယောက်ကို (၂)လဝန်းကျင်လောက် လက်လွတ်ရတော့မှာက ဘိုင်ယန်အတွက်တော့ တကယ့်ကို နစ်နာစရာတစ်ခု ဖြစ်လာနိုင်ပြီး သူရဲ့နေရာအတွက် ဝါရင့်စပိန်ကွင်းလယ်ကစားသမား ဂျာဗီမာတီနက်ဇ်နဲ့ ဒီရာသီကမှ အက်စပန်ညိုအသင်းကနေ ခေါ်ယူထားတဲ့ မက်ရိုကာတို့ကို အစားထိုးအသုံးပြုရဖွယ် ရှိနေပါတယ်။ စတုဂတ်နဲ့ လိုက်ပ်ဇစ်အသင်းတို့ရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ကင်မစ်ချ်ဟာ ဘိုင်ယန်နဲ့အတူ ဘွန်ဒစ်လီဂါချန်ပီယံဆု (၅)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားချန်ပီယံ (၁)ကြိမ် ရယူထားနိုင်ခဲ့သူလည်းဖြစ်ကာ တစ်ဦးချင်းဆုတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။