ဂျာမနီ အင်အားကြီး ကလပ်အသင်းကြီး ဘိုင်ယန်မြူးနစ်အသင်းဟာ ဝါရင့် ဂိုးသမားကြီး နူအာရဲ့နေရာမှာ ရေရှည် အစားထိုးသွားဖို့အတွက် လီဗာပူးလ်အသင်းက ဘရာဇီးလ် ဂိုးသမား အယ်လီဆန် ဘတ်ကာကို စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အသက် (၃၈)နှစ်အရွယ်ရှိ ဂျာမနီ ဝါရင့် ဂိုးသမားကြီး နူအာဟာ ၂၀၁၁ခုနှစ်ကတည်းက ဘိုင်ယန်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဘိုင်ယန်ရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ဖြစ်ပေမယ့်လည်း စာချုပ်သက်တမ်းကတော့ တစ်နှစ်ဝန်းကျင်လောက်သာ ကျန်ရှိနေပါတော့တယ်။
Photo Credit : TEAMtalk
တကယ်လို့ နူအာကို ကာလတို စာချုပ်သက်တမ်း ထပ်တိုးဖြစ်မယ်ဆိုရင်တောင်မှ သူ့နေရာမှာ ရေရှည် အစားထိုးနိုင်မယ့် ဂိုးသမားတစ်ဦးကိုတော့ မဖြစ်မနေ ခေါ်ယူထားဖို့ လိုအပ်နေပြီဖြစ်ပြီး အဲ့ဒီအတွက်ကိုလည်း ဘိုင်ယန်မြူးနစ်က လီဗာပူးလ် ဂိုးသမား အယ်လီဆန်ကို ပစ်မှတ်ထားလာခဲ့ပါတယ်။
ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အယ်လီဆန်ဟာ လီဗာပူးလ်အတွက် အရေးအပါဆုံး ဂိုးသမားတစ်ဦး ဖြစ်ပေမယ့်လည်း လီဗာပူးလ်က ဒီနွေမှာ ဗလင်စီယာအသင်းရဲ့ ဂျော်ဂျီယာ ဂိုးသမား မာမာဒက်ရှ်ဗီလီကို ခေါ်ယူထားပြီး ဒီရာသီမှာတော့ ဗလင်စီယာမှာပဲ အငှားချပေးထားပြီး လာမယ့်ရာသီဆိုရင်တော့ အသုံးပြုသွားဖို့ ရှိနေပါတယ်။
Photo Credit : Goal
မာမာဒက်ရှ်ဗီလီကို ခေါ်ယူလိုက်ခြင်းက အယ်လီဆန်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စဉ်းစားစရာ ဖြစ်လာနိုင်သလို ဒီအခြေအနေကိုလည်း ဘိုင်ယန် အပါအဝင် ကလပ်အသင်း တော်တော်များမာျးက စောင့်ကြည့်လျက် ရှိနေပါတယ်။ အယ်လီဆန်ကို ဆော်ဒီကလပ်အသင်းတွေကလည်း အသည်းအသန် ခေါ်ယူချင်နေကြပြီး လာမယ့်နွေမှာတော့ တစ်ခုခု ထူးခြားဖွယ်တောင် ရှိနိုင်ပါတယ်။
အသက် (၃၁)နှစ်အရွယ် ဂိုးသမား အယ်လီဆန်ဟာ ၂၀၁၈ခုနှစ်ကတည်းက ရိုးမားကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား ကလပ်ကမ္ဘာ့ဖလား အက်ဖ်အေဖလား လိဂ်ဖလားတွေ ပိုင်ဆိုင်နိုင်ခဲ့သလို ၂၀၁၉ခုနှစ်ရဲ့ The Best Goalkeeper ဆုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အယ်လီဆန်ဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်းလည်း ကျန်ရှိနေပါတယ်။