ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့အသင်းကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေတဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ခေါ်ယူချင်တဲ့ အသင်းတွေအနေနဲ့ ပေးချေရမယ့် ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်ကြောင်း ဂျာမန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသလို ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့သူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ယခုအချိန်မှာ လီဝမ်ဒေါစကီးဟာ သူ့ရဲ့ အကောင်းမွန်ဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားပေမယ့် လာမယ့် နှစ်အနည်းငယ် အတွင်းမှာ သူဟာ ကစားသမားဘဝ ကနေ အနားယူရဖို့ ရှိနေတာကြောင့်ပဲ ဘိုင်ယန်မြူးနစ်က လီဝမ်ဒေါစကီးကို ကာလရှည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ တွန့်ဆုတ်နေပြီး လီဝမ်ဒေါစကီးကလည်း သူ့ရဲ့ ကစားသမားဘဝကို အဆုံးမသတ်မီ လာလီဂါ ဒါမှမဟုတ် ပရီးမီးယားလိဂ်လို ထိပ်သီးလိဂ်တွေဆီ သွားရောက် ကစားဖို့ ဆန္ဒပြင်းပျနေပါတယ်။

ဒါကြောင့်ပဲ လီဝမ်ဒေါစကီးနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ လီဝမ်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၅သန်းတန် ကမ်းလှမ်းမှု ရလာပါခဲ့ပါက လီဝမ်ဒေါစကီးကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားသလို လီဝမ်ဒေါစကီးကလည်း လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးထားကြောင်း သိရပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ အတွက် စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအပြင် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကပါ စိတ်ဝင်စားနေပြီး နှစ်သင်းစလုံးဟာ လီဝမ်ဒေါစကီးကို ချဉ်းကပ်မှုတွေ စတင် ပြုလုပ်နေကြောင်းလည်း ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အတည်ပြုထားကြပါတယ်။