MySport Myanmar

ဟယ်ရီကိန်းအတွက် စံချိန်တင် ပြောင်းရွှေ့ကြေး သုံးစွဲဖို့ ပြင်ဆင်ထားတဲ့ ဘိုင်ယန်

VALLETTA, MALTA - JUNE 16: Harry Kane of England looks on prior to the UEFA EURO 2024 qualifying round group C match between Malta and England at Ta' Qali Stadium on June 16, 2023 in Valletta, Malta. (Photo by Mike Hewitt/Getty Images)

ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား ဖြစ်သူ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပမာဏမျိုး ပေးချေရန် ပြင်ဆင်ထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်မှာ အသင်းရဲ့ အားကိုးရတဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးကို လက်လွှတ်ခဲ့ရပြီးနောက် ခြေစွမ်းတွေ ယိမ်းယိုင်သွားခဲ့တာကြောင့် လီဝန်ဒေါစကီးရဲ့ နေရာကို အစားဝင်နိုင်မယ့် အရည်အသွေးမြင့် အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေပြီး ဟယ်ရီကိန်းဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၅ဦး စာရင်းထဲ ပါဝင်နေသူ ဖြစ်ပြီး ဟယ်ရီကိန်းဟာ စပါးအတွက် ပြိုင်ပွဲစုံ ၄၃၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၈၀ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆၄ကြိမ် ပြုလုပ်ထားပါတယ်။

ဟယ်ရီကိန်းက ဂိုးသွင်းအား ကောင်းသလို ဒဏ်ရာပြဿနာ ကင်းရှင်းတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် တူဟယ်လ်က ဟယ်ရီကိန်းကို ရအောင် ခေါ်ပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တင်ပြ တောင်းဆိုထားပြီး ဘိုင်ယန်မြူးနစ်ကလည်း ဟယ်ရီကိန်းကို ခေါ်နိုင်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေပါတယ်။

Photo Credit: Goal

လက်ရှိမှာ ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပြီး ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းအတွက် စပါးဆီ ယူရို ၇၀သန်း ၊ ယူရို ၈၀သန်း စတဲ့ ကမ်းလှမ်းမှု ၂ကြိမ် ပေးပို့ခဲ့ပေမယ့် စပါးကတော့ ယူရို ၁၀၀သန်းအောက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားသွားမှာ မဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ L’equipe သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို အမြန်ဆုံး ခေါ်နိုင်ဖို့ ဟယ်ရီကိန်းအတွက် သူတို့အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးကို သုံးစွဲဖို့ ဆုံးဖြတ်လိုက်ပြီး ဘိုင်ယန်မြူးနစ်ဟာ ဟယ်ရီကိန်း အတွက် တတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ကမ်းလှမ်းမှာ ဖြစ်ကာ စပါးဘက်က သူတို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

Exit mobile version