MySport Myanmar

ဒီလစ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ပါဗတ်ကို ပြန်လည် ရောင်းထုတ်သွားမယ့် ဘိုင်ယန်

ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ဂျူဗင်တပ် ဗဟိုခံစစ်မှူး ဒီလစ်ကို ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းကျော်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အသင်းရဲ့ ခံစစ်မှူး တဦး ဖြစ်သူ ပါဗတ်ကို ပြန်လည် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ပလက်တန်ဘက်ခ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က အသက် ၂၂နှစ် အရွယ် နယ်သာလန် ဗဟိုခံစစ်မှူး ဒီလစ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းကျော် + အပိုဆုကြေး ယူရို ၁၀သန်းကျော်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပြီး မကြာခင်မှာပဲ ဒီလစ်ကို ဆေးစစ်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

Photo Credit: Team Talk

တဖက်မှာတော့ အသက် ၂၆နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ပါဗတ်က ၂၀၁၉ခုနှစ်မှာ စတုဂတ်ကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် နည်းပြသစ် နစ်ဂယ်စမန်းရဲ့ လက်အောက်မှာတော့ သူ့ရဲ့ ကစားပုံအတိုင်း လိုက်လံ ကစားနိုင်ခြင်း မရှိပါဘူး။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်က ဒီလစ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ တခြားပစ်မှတ် ကစားသမားတွေကို ဆက်လက် ခေါ်ယူနိုင်ဖို့ ပါဗတ်ကို အရောင်းစာရင်း တင်ခဲ့တာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က ပါဗတ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း လိုချင်နေကြောင်း နာမည်ကြီး သတင်းထောက် ပလက်တန်ဘက်ခ်က ဆိုပါတယ်။

Photo Credit: Team Talk

ပါဗတ်ဟာ ညာနောက်ခံနဲ့ ဗဟိုခံစစ် နှစ်နေရာစလုံးမှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိတဲ့ ခံစစ်မှူး တဦး ဖြစ်တာကြောင့် လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ အများအပြား ရှိနေပေမယ့် ပါဗတ်က ဥရောပ ထိပ်သီးအသင်းတွေဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။

Exit mobile version