ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းရဲ့ လူငယ် ညာနောက်ခံလူ ဆာဂျီနို ဒက်စ်ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလကြောင့် ကစားသမားသစ် ခေါ်ယူဖို့ ငွေကြေး အနည်းငယ် ကြပ်တည်းနေပေမယ့် အလာဘာ ၊ ဘိုတန်တို့ ထွက်ခွာသွားပြီးနောက် အားနည်းနေတဲ့ အသင်းရဲ့ ခံစစ်ပိုင်း အတွက် ကစားသမားသစ် တဦးကို ခေါ်ယူချင်နေပြီး ဘာစီလိုနာအသင်းရဲ့ အမေရိကန် လူငယ် ညာနောက်ခံလူ ဒက်စ်ဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Bild

ဘိုင်ယန်မြူးနစ်အသင်းဟာ ဆာဂျီနို ဒက်စ်ကို ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာလဲ ကြိုးစားဖူးပြီး ဒက်စ်ကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပြီး အေဂျက်အသင်း ကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်းဟာ အတော်လေး ကြီးမားတဲ့ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် အသင်းရဲ့ ကစားသမား အများစုကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရှိပါက ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဒက်စ်ကလဲ သူတို့အသင်း ရောင်းထုတ်မယ့် ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Bild

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒက်စ်ကို ခေါ်ယူဖို့ အတွက် ဒုတိယအကြိမ် ထပ်မံ ကြိုးစားလာတာ ဖြစ်ပြီး ဆာဂျီနို ဒက်စ်အတွက် ပထမဦးဆုံး ကမ်းလှမ်းမှုအဖြစ် ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းဖွယ် ရှိကြောင်း သိထားရပါတယ်။

စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနကလဲ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းကို အတည်ပြု ပေးထားပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ ဒက်စ်အတွက် တရားဝင် ကမ်းလှမ်းမှုတွေကို မကြာခင် ပြုလုပ်ဖွယ် ရှိကာ ဒက်စ်ကလဲ ဘာစီလိုနာအသင်း ကနေ ထွက်ခွာရပါက ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း ဖော်ပြထားပါတယ်။