ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်း ကတော့ သူတို့ရဲ့ ထိပ်သီး ပြိုင်ဘက်အသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ လူငယ် တိုက်စစ်မှူး အာလင်း ဟာလန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အသက် ၂၁နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၅ဦးထဲက တဦး အဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်သလို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာလည်း ဒေါ့မွန်အသင်းကို စွန့်ခွာဖို့ ရာခိုင်နှုန်းများနေသူလည်း ဖြစ်ပါတယ်။

Photo Credit: Talksports

ဟာလန်းဟာ ဒေါ့မွန်အသင်းရဲ့ ကစားသမားဘဝ တလျှောက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၆၀ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆၀ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၅ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ကာ တပွဲပျမ်းမျှ ဂိုးပါဝင် ပတ်သတ်မှုနှုန်းဟာ ၁ဂိုးအထက် ရှိပါတယ်။

ဒါကြောင့်လည်း ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေး အသက်ဝင်မယ့် လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဟာလန်းကို ခေါ်ယူဖို့ အတွက် ဥရောပ ထိပ်သီးအသင်း အများစုက စိတ်ဝင်စားနေပြီး လက်ရှိမှာတော့ အမြဲတမ်းလိုလို ဒေါ့မွန်အသင်းရဲ့ ကစားသမားကောင်းတွေကို ခေါ်ယူလေ့ ရှိတဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း တရားဝင် ဆိုလာပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ စလီဟာမီဒီဇစ်က ဘိုင်ယန်မြူးနစ်အသင်းဟာ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း အတည်ပြုပေးခဲ့တာ ဖြစ်ပြီး ဟာလန်းရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေကို မကြာခင်မှာပဲ စတင်ဖွယ်ရှိကြောင်းလည်း စလီဟာမီဒီဇစ်က ဆိုပါတယ်။

Photo Credit: Talksports

ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အကြောင်းကို စလီဟာမီဒီဇစ်က – “ဟာလန်းက ကမ္ဘာကြီးတခုလုံး လိုချင်နေတဲ့ ထိပ်တန်း ကစားသမားတဦးပါ။ ဒီတော့ ကျွန်တော်တို့ကလည်း သူ့ကို ခေါ်ယူချင်ပါတယ်။ အဲ့လိုမှ မဟုတ်ရင် ကျွန်တော်တို့က အလယ်အလတ် အသင်းတသင်း ဖြစ်သွားမှာပေါ့” လို့ ပြောကြားခဲ့တာပါ။

၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကို ရောက်ရင် ဟာလန်းကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅သန်းသာ ပေးချေဖို့ လိုအပ်ပေမယ့် ဟာလန်းရဲ့ လက်မှတ်ထိုးကြေး ၊ အေးဂျင့်ခ စတဲ့ ကုန်ကျစရိတ်တွေဟာ ယူရို ၅၀သန်း အထိ ရှိနိုင်တာကြောင့် ဟာလန်းကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ စုစုပေါင်း ယူရို ၁၂၅သန်း ဝန်းကျင် အထိ ကုန်ကျဖွယ် ရှိကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။