ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ဟာ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ နယ်သာလန် ကွင်းလယ်ကြယ်ပွင့် ဒီဂျောင်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် လုပ်ဆောင်လာကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဒီဂျောင်ဟာ ၂၀၁၉ခုနှစ်မှာ အေဂျက်ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၈၆သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူလည်း ဖြစ်ပါတယ်။
Photo Credit: Marca
ဒီဂျောင်ဟာ ဘာစီလိုနာဆီ စတင် ရောက်ရှိကတည်းက အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်ပေမယ့် ဘာစီလိုနာဟာ လတ်တလောမှာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတာကြောင့် အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲ ကနေ တချို့ကို ရောင်းထုတ်ဖို့ စီစဉ်နေပြီး အဆိုပါ ကစားသမားတွေ အနက် ပြောင်းရွှေ့ကြေး မြိုးမြိုးမြက်မြက် ရနိုင်တဲ့ ဒီဂျောင်လည်း ပါဝင်နေပါတယ်။
ဒီဂျောင်ဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ဗဟိုကွင်းလယ်လူ ၁၀ဦးထဲက တဦး အဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရတာကြောင့် ဘာစီလိုနာကသာ သူ့ကို ရောင်းထုတ်မယ် ဆိုပါက ဒီဂျောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး အဆိုပါအသင်းတွေထဲမှာ ဒီဂျောင် တယောက် အေဂျက်မှာ ကစားနေစဉ်ထဲက သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်လည်း ပါဝင်ပါတယ်။
Photo Credit: Marca
နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဒီဂျောင်နဲ့ သူ့ရဲ့ အသင်းဖော်ဟောင်း ဒီလစ်တို့ကို တပြိုင်နက်ထဲ ခေါ်ယူဖို့ စီစဉ်နေပြီး ဒီဂျောင်အတွက် ဘာစီလိုနာထံ တရားဝင် စုံစမ်းမှုတွေပါ ပြုလုပ်ထားကြောင်း သိရပါတယ်။
ဘာစီလိုနာကတော့ ဒီဂျောင်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့ ဆန္ဒရှိနေပေမယ့် ဒီဂျောင်အတွက် မြင့်မားတဲ့ ကမ်းလှမ်းမှု တခု ရောက်လာရင် ဒီဂျောင်ကို ရောင်းထုတ်ဖို့ စဉ်းစားနေပြီး ဒီဂျောင်ရဲ့ တန်ကြေးက ယူရို ၆၀သန်း ကနေ ၇၀သန်းကြား ရှိနိုင်ကြောင်း စပိန်ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။