ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဟာ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေ ဖြစ်နေတဲ့ ခံစစ်မှူး ခရစ်တန်ဆန်ကို ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ အသင်းရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ဇူလာကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ ရှိနေတာကြောင့် ဇူလာရဲ့နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း နောက်ခံလူ တဦးကို ခေါ်ယူဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်ဟာ ဥရောပ တလွှားမှာ ရှိတဲ့ ထိပ်တန်း ခံစစ်မှူးတွေကို လိုက်လံ ချိတ်ဆက်နေပေမယ့် ချယ်လ်ဆီးနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဒိန်းမတ် နောက်ခံလူ ခရစ်တန်ဆန်က သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ Bild သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဒိန်းမတ် လက်ရွေးစင် နောက်ခံလူ ခရစ်တန်ဆန်ဟာ ဆယ်ကျော်သက် အရွယ်ထဲက ချယ်လ်ဆီးဆီ ရောက်ရှိခဲ့သူ တဦး ဖြစ်ပြီး အသင်းရဲ့ သက်တော်ရှည် ကစားသမားတွေထဲက တဦး ဖြစ်ပေမယ့် လက်ရှိအထိ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မရေမရာ ဖြစ်နေဆဲပါ။

Photo Credit: Express

ထွက်ပေါ်ထားတဲ့ သတင်းတွေ အရတော့ ခရစ်တန်ဆန်ဟာ စာချုပ်သစ်မှာ အနိမ့်ဆုံး တနှစ် လုပ်ခလစာ ယူရို ၁၀သန်း ဝန်းကျင် အထိ ရရှိလိုနေပြီး ချယ်လ်ဆီးကတော့ ယူရို ၇.၅သန်းသာ ပေးချေချင်တာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေသေးတာလို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ ခရစ်တန်ဆန်ကို ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲက တဦး ဖြစ်လာနိုင်သူလို့ သတ်မှတ်ထားပြီး ခရစ်တန်ဆန်ကို သူ အလိုရှိနေတဲ့ တနှစ် လုပ်ခလစာ ယူရို ၁၀သန်း ပေးချေကာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားကြပါတယ်။