မနေ့ညက ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ပီအက်စ်ဂျီအသင်းက လိုက်ပ်ဇစ်အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲကို တတ်လှမ်းသွားနိုင်ခဲ့ပြီး ဒီနေ့ညမှာလည်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ လိုင်ယွန်အသင်းတို့က လက်ကျန်ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆက်လက်ဆင်နွဲရဦးမှာဖြစ်ပြီး ဘယ်အသင်းက အနိုင်ရပြီး ဖိုင်နယ်အဆင့်ကို တတ်လှမ်းခွင့်ရရှိသွားမလဲဆိုတာ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ရဲ့အကြောင်းတွေကို အသေးစိတ် သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : CBS Sport

ဘိုင်ယန်မြူးနစ်အသင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံနေရပြီး ချယ်လ်ဆီး ဘာစီလိုနာအသင်းတွေကိုလည်း နှစ်ကျော့ပေါင်း ဂိုးပြတ်ရလဒ်တွေနဲ့ ဖြတ်ကျော်ခဲ့တာလည်းဖြစ်ပါတယ်။ အသင်းက တိုက်စစ်တစ်ခုတည်းမကပဲ နေရာစုံမှာ အကောင်းဆုံးပုံစံ ပြသလျက်ရှိနေပြီး ကစားပုံက အမှားနည်းပြီး ခိုင်မာမှုရှိပါတယ်။ ပြိုင်ဖက်အသင်းတိုင်းကိုလည်း မာထန်စွာနဲ့ ပွဲချိန်ပြည့်နီးပါး တိုက်ခိုက်နိုင်ပါတယ်။ ဒါတွေအပြင် ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရတဲ့ နောက်ခံအစွန်လူ ပါဗတ်ကလည်း အခုပွဲစဉ်မှာ ပြန်လည်ကစားဖွယ်ရှိနေလို့ ဘိုင်ယန်အတွက် အင်အားပိုတောင့်တင်းနိုင်ပါတယ်။

Photo Credit : The Irish Sun

လိုင်ယွန်ကတော့ မန်စီးတီးအသင်းနဲ့ပွဲမှာ ကွင်းလယ်နဲ့ခံစစ်ပိုင်းကို အကောင်းဆုံးချိတ်ဆက်ကစားခဲ့ရင်းနဲ့ ရရှိလာတဲ့ အခွင့်အရေးတွေ အကောင်းဆုံးအသုံးချခဲ့ပြီး အနိုင်ယူကျော်ဖြတ်လာခဲ့တာဖြစ်ပါတယ်။ ခံစစ်တန်းမှာ နောက်တန်း(၃)ယောက်ကို အထိုင်ထားပြီး Wing-backs တွေကနေ တိုက်စစ်ကို လိုက်ပါကစားပေးတဲ့ ပုံစံနဲ့ ပြိုင်ဘက်အသင်းတွေကို ဒုက္ခပေးတတ်တဲ့အသင်းဖြစ်ပါတယ်။ ဂျုဗင်တပ်စ် မန်စီးတီးတို့လို ထိပ်တန်းအသင်းတွေကို ကျော်ဖြတ်လာခဲ့တဲ့ အသင်းဖြစ်လို့လည်း အထင်သေးလို့မရပဲ အသင်းမှာကလည်း ဒဏ်ရာရကစားသမားဦးရေက မရှိသလောက်နည်းပါးနေတာမို့ ကစားသမားအစုံအလင်နဲ့ ဘိုင်ယန်ကို ရင်ဆိုင်သွားနိုင်ပါတယ်။

Photo Credit :

လိုင်ယွန်က မန်စီးတီးလို အသင်းမျိုးကိုတောင် အနိုင်ယူကျော်ဖြတ်လာခဲ့တဲ့ အသင်းဆိုပေမယ့်လည်း ဘိုင်ယန်နဲ့ ရင်ဆိုင်ရချိန်မှာတော့ ဒီလိုစွမ်းဆောင်ရည်မျိုးကို ထပ်မံပြသဖို့ လွယ်ကူနိုင်ဖွယ် မရှိပါဘူး။ လိုင်ယွန်က ဒီပွဲမှာ ဂိုးမပေးရရေးကိုပဲ ပိုမိုဦးစားပေးကစားပြီး အချိန်ပိုတွေ ပင်နယ်တီအထိတွေထိရောက်အောင် ဆွဲခေါ်သွားဖွယ် ရှိပါတယ်။ ဒါပေမယ့် ဘိုင်ယန်ကလည်း သူတို့ရဲ့အားကောင်းမောင်းသန်လှတဲ့ တိုက်စစ်အားနဲ့ လိုင်ယွန်ကို မိနစ်ကိုးဆယ်အတွင်းမှာပဲ တစ်ခါတည်း အနိုင်ရအောင် ကစားသွားဖို့သာ စိတ်ပိုင်းဖြတ်ထားမှာပါ။ လက်ရှိမှာ Form တအားကောင်းနေတဲ့ ဘိုင်ယန်ရဲ့ဖိုင်နယ်တတ်ရေးလမ်းကြောင်းကို လိုင်ယွန်တို့ ဟန့်တားပိတ်ဆို့ဖို့ မလွယ်ကူနိုင်ပါဘူး။ ဘိုင်ယန်တို့ အနည်းဆုံး (၂)ဂိုးပြတ်နဲ့ ဖိုင်နယ်ကို တတ်လှမ်းပါလိမ့်မယ်။