ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကတော့ သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ ကွင်းလယ်ခံစစ် နေရာကို ဖာထေးဖို့ အတွက် လိုက်ပ်ဇက်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကွင်းလယ်ခံစစ် ကစားသမား လိုင်မာကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ဩစတီးယား လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား လိုင်မာက ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ လိုက်ပ်ဇက်ရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းပြနေတဲ့ ကစားသမား တဦး ဖြစ်သလို လိုက်ပ်ဇက်ကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဂျာမန်နည်းပြ နစ်ဂယ်စမန်းရဲ့ စိတ်ကြိုက် ကစားသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Sports Buzzer

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်နည်းပြ နစ်ဂယ်စမန်းက တိုလစ်ဆိုကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးခဲ့ပြီးနောက် လိုင်မာကို ပြန်လည် ခေါ်ယူပေးဖို့ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့တာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေကလည်း လိုင်မာကို ခေါ်ယူနိုင်ဖို့ လိုက်ပ်ဇက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပါတယ်။

လိုက်ပ်ဇက်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကာ သူ့ရဲ့ ဆရာဟောင်း နစ်ဂယ်စမန်းနဲ့ ပြန်လည် လက်တွဲချင်နေပြီး သူက စာချုပ်သစ် မချုပ်ဖို့ ဆုံးဖြတ်ထားတာကြောင့် သူ့ကို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့လည်း လိုက်ပ်ဇက်ထံ တောင်းဆိုထားပါတယ်။

Photo Credit: Sports Buzzer

နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာန ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က လိုင်မာရဲ့ အပြောင်းအရွှေ့ အတွက် လိုက်ပ်ဇက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ထားသလို လိုင်မာအတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ယူရို ၂၀သန်း + အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့် လိုက်ပ်ဇက်က လိုင်မာအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း အထိ လိုချင်နေတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ကာ ဘိုင်ယန်မြူးနစ်ကတော့ လိုင်မာအတွက် ပြောင်းရွှေ့ကြေး တိုးမြှင့် ကမ်းလှမ်းဖို့ စဉ်းစားနေကြောင်း သိရပါတယ်။