ဂျာမန်ဘွန်ဒက်လီဂါ ပြိုင်ပွဲရဲ့ အင်အားအကြီးဆုံး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ထွန်းတောက်လာတဲ့ လူငယ် ကွင်းလယ်ကစားသမားတွေကို ခေါ်ယူလေ့ရှိတဲ့ သူတို့အသင်းရဲ့ ထုံးစံအတိုင်းပဲ လေဗာကူဆင်အသင်းရဲ့ ဂျာမန်ကွင်းလယ်လူ ဟားဗက် ကို ခေါ်ယူဖို့ ကြိုးစားလာတယ်လို့ ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ပါတယ်။ အသက်၂၀အရွယ် ကိုင်ဟားဗက်ဟာ လေဗာကူဆင်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမားတွေထဲက တစ်ဦးအဖြစ် ခြေစွမ်းပြထားနိုင်တာကြောင့် သူ့ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ စိတ်ဝင်စားလို့နေပါတယ်။

Photo Credit: Express

ဂျာမန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ ဟားဗက်ဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ လေဗာကူဆင်အသင်းကနေ ထွက်ခွာဖို့အတွက် ဆုံးဖြတ်ထားပြီးပြီလို့ သိရှိရပြီး ဂျာမန်ကြယ်ပွင့် ကစားသမားတွေကို အသင်းမှာသာ ထားရှိဖို့ ကြိုးစားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဟားဗက်ကို ပြောင်းရွှေ့ကြေး ပေါင်၅၄သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အသက် ၂၀အရွယ် ကိုင်ဟားဗက်ဟာ လက်ရှိ ဘောလုံး ရာသီမှာ လေဗာကူဆင်အတွက် ဘွန်ဒက်လီ​ဂါ ပွဲစဉ် ၂၆ပွဲ ပါဝင်ကစားပေးထားရာမှာ ၁၁ဂိုး သွင်းယူထားနိုင်ခဲ့ကာ ၅ဂိုး ဖန်တီးပေးထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြဖြစ်သူ ဖလစ်ကလည်း ဟားဗက်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

ဟားဗက်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့ အကြောင်းကို ဖလစ်က ” ကိုင်ဟားဗက်ကို သူတို့ရဲ့ အသင်းမှာ မခေါ်ထားချင်တဲ့ နည်းပြဟာ မရှိသလောက်ကို နည်းလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က သူ့ကို ယူ-၁၇ အသင်းမှာကတည်းက သတိထားမိခဲ့တာပါ။ သူဟာ လေဗာကူဆင်အသင်းမှာ တော်တော်လေးကို တိုးတက်လာခဲ့တယ်လို့ ဆိုရမှာပါ။ သူဟာ ကွင်းလယ်နဲ့ ဂိုးဧရိယာကြားက နေရာလွတ်တွေမှာ အရမ်းကောင်းတဲ့ ရွေ့လျားမှုတွေကို ပြုလုပ်လေ့ ရှိတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ အသက်ငယ်ငယ်နဲ့ သွင်းဂိုးပေါင်းများစွာကို သွင်းယူထားနိုင်ခဲ့တဲ့ ကစားသမားဆိုလည်း မမှားပါဘူး ” လို့ ဖွင့်ဟ ပြောကြားသွားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်ကစားသမားတွေကို ခေါ်ယူရာမှာ အတော်လေး ကောင်းတာကြောင့် ဟားဗက်လုပွဲမှာ မန်ယူအသင်းကပဲ အသာစီးရသွားမလား ၊ ဘိုင်ယန်မြူးနစ်ကပဲ သူတို့ရဲ့ အစဉ်အလာကို ထိန်းသိမ်းသွားနိုင်မလားဆိုတာကို စောင့်ကြည့်သွားရမှာပါ။