ချယ်လ်ဆီးအသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကွင်းလယ်တိုက်စစ်ပိုင်းအတွက် အေဂျက်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟာကင်ဇီယက်ရှ်နဲ့ လေဗာကူဆင်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်းလ်ဟားဗက်ဇ်တို့ကို ခေါ်ယူခဲ့ပြီးနောက် အသင်းမှာ ပုံမှန်နေရာရဖို့ မလွယ်ကူတော့တဲ့ လူငယ်ကစားသမားလေး ဟတ်ဆန်အိုဒွိုင်းရဲ့အနာဂတ်တွေဟာလည်း ပြန်လည်လှုပ်ခတ်လာခဲ့ရပြီး ဒီတစ်ကြိမ်မှာလည်း အိုဒွိုင်းကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်အသင်းက ထိပ်ဆုံးနေရာကနေ ပါဝင်လာခဲ့ပါတယ်။

Photo Credit : Mirror

အသက်(၁၉)နှစ်အရွှယ်သာရှိသေးတဲ့ အင်္ဂလန်တောင်ပံကစားသမား ဟတ်ဆန်အိုဒွိုင်းဟာ ချယ်လ်ဆီးအကယ်ဒမီထွက် ကစားသမားတွေထဲကမှ အရည်အသွေးမြင့်ဆုံး လူငယ်ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ကို ၂၀၁၉ခုနှစ် ဇန်နဝါရီလကပဲ ဘိုင်ယန်မြူးနစ်အသင်းကနေ ခေါ်ယူသွားဖို့ ခေါ်ယူသွားဖို့ အလွန်နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးကို လမ်းပတ်ရောက်လာချိန််မှာတော့ အိုဒွိုင်းကို အသင်းမှာ နေရာပေးလာခဲ့တဲ့အပြင် အသင်းနဲ့လည်း (၅)နှစ်အထိကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပါတယ်။

Photo Credit : Mirror

ဒါပေမယ့် လက်ရှိမှာတော့ အသင်းရဲ့တောင်ပံတိုက်စစ်မှာ ပူလီဆစ် ဇီယက်ရှ်တို့ရှိနေတဲ့အပြင် မေဆန်မောင့်နဲ့ ကိုင်းလ်ဟာဗက်ဇ်တို့ကိုလည်း အဲ့ဒီနေရာတွေမှာ အသုံးပြုနိုင်တာကြောင့် လမ်းပတ်က အိုဒွိုင်းကို အသင်းကနေ တစ်ရာသီအငှားနဲ့ အငှားချဖွယ်ရှိနေပါတယ်။ ဒီလို အသင်းနဲ့ အနာဂတ်မရေမရာဖြစ်လို့နေတဲ့ အိုဒွိုင်းကို ယခင်ကတည်းက ပစ်မှတ်ထားလို့နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းကနေ တစ်ရာသီအငှားလောက်နဲ့ ကမ်းလှမ်းလာဖွယ်ရှိနေသလို ဂျုဗင်တပ်စ်နဲ့ လိုက်ပ်ဇစ်အသင်းတို့ကလည်း ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားလျက် ရှိနေပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကတော့ အသင်းရဲ့တောင်ပံတွေမှာ နာဘရီ ကိုးမန်းတို့အပြင် ကစားသမားသစ်ဆာနေးလည်း ရှိနေပေမယ့် အင်တာမီလန်ကနေ အငှားခေါ်ယူထားတဲ့ အိုင်ဗန်ပါရီဆစ်က အငှားစာချုပ်ပြည့်သွားလို့ အင်တာကို ပြန်သွားရပြီဖြစ်လို့ အသင်းရဲ့လူအင်အားကို တောင့်တင်းနေစေဖို့အတွက် အိုဒွိုင်းကို အငှားနဲ့ခေါ်ယူပြီး အငှားစာချုပ်ပြည့်မှ အပြီးသတ်ခေါ်ယူဖွယ် ရှိနေပါတယ်။ ဒါပေမယ့် အိုဒွိုင်းကတော့ သူ့အတွက် နေရာရဖို့ မလွယ်ကူတဲ့ ဘိုင်ယန်ဆီကို အငှားနဲ့ပြောင်းရွှေ့ကစားဖို့ ဆန္ဒမရှိပဲ သူ့ကိုပုံမှန်နေရာပေးနိုင်မယ့် အသင်းတစ်သင်းဆီကို အငှားသွားကစားဖွယ်ရှိနေပါတယ်။