ဘိုင်ယန်မြူးနစ်အသင်းက မနေ့ညက ကစားသွားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်(၃၂)မှာ အိမ်ရှင်ဝါဒါဘရီမင်အသင်းကို အနိုင်ရလိုက်တာကြောင့် ရာသီသိမ်းဖို့ (၄)ပွဲအလိုမှာ ဂျာမန်ဘွန်ဒစ်လီဂါ ချန်ပီယံဆုကို (၈)နှစ်ဆက်တိုက် ပိုင်ဆိုင်သွားခဲ့ရပါတယ်။ ဒီဆုဖလားဟာ သူတို့အသင်းအတွက် (၂၉)ကြိမ်မြောက် ပိုင်ဆိုင်ခဲ့ရတဲ့ ပြည်တွင်းအမှတ်ပေးဆုဖလားဖြစ်တဲ့အပြင် ပြည်တွင်းရှံးထွက်ပြိုင်ပွဲဖြစ်တဲ့ ပိုကယ်ဖလားမှာလည်း ဖိုင်နယ်ထိ တတ်ရောက်ထားသလို ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်ဆီ တတ်လှမ်းဖို့က အခြေအနေကောင်းနေသေးတာကြောင့် ဘိုင်ယန်ရဲ့အောင်မြင်မှုတွေက ဆက်လက်မြင်တွေ့ရဖွယ် ရှိနေပါသေးတယ်။

Photo Credit : DW

ဘိုင်ယန်ဟာ ဒီနှစ်ဘောလုံးရာသီအစမှာ တာထွက်မကောင်းခဲ့လို့ နည်းပြအပြောင်းအလဲပါ ပြုလုပ်ခဲ့လိုက်ရပြီး ကိုဗက်ကနေ အန်ဆီဖလစ်ခ် ပြောင်းလဲကိုင်တွယ်ချိန်နောက်ပိုင်းမှသာ ဘိုင်ယန်ရဲ့ပြောင်းလဲမှုတွေကလည်း အကောင်းဘက်ကို ဆက်တိုက်ဦးတည်လာခဲ့တာဖြစ်ပါတယ်။ အသေအချာပြောရရင်တော့ ၂၀၂၀နှစ်စလောက်ကနေပြီး ဘိုင်ယန်ဟာ ပြိုင်ပွဲစုံပွဲတိုင်းလိုလိုကို ဂိုးအပြတ် ခြေအပြတ်နဲ့ တောက်လျှောက်နိုင်လာခဲ့လို့ အခုလို ဘွန်ဒစ်လီဂါချန်ပီယံကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့တဲ့အပြင် ပိုကယ်ဖလားမှာ သူတို့အမြဲတမ်း အသာစီးရယူနေကြ လေဗာကူဆင်နဲ့ ဗိုလ်လုရမှာဖြစ်လို့ ဒုတိယဖလားကလည်း လက်တစ်ကမ်းအလိုမှာ ရှိနေပါတယ်။

Photo Credit : DW

ဒီလိုပြည်တွင်းအောင်မြင်မှုတွေအပြင် ချန်ပီယံလိဂ်မှာကလည်း ချယ်လ်ဆီးကို (၃)ဂိုးပြတ်နဲ့ ပထမအကျော့မှာကတည်းက ရလဒ်ပြတ်သားအောင် အနိုင်ယူထားခဲ့တာဖြစ်လို့ ကွာတားတတ်ဖို့လည်း အနီးစပ်ဆုံးရှိနေမှာဖြစ်သလို လက်ရှိ သူတို့ရဲ့စွမ်းဆောင်ရည်တွေအရ သူတို့နဲ့ယှဉ်နိုင်မယ့် အသင်းဆိုတာ နည်းပါးသွားနိုင်ပါတယ်။ ပိုပြီးအခြေအနေကောင်းစေတာကတော့ ချန်ပီယံလိဂ်မတိုင်ခင်(သြဂုတ်လမှ ချန်ပီယံလိဂ်ကို ပြန်ကစားဖွယ်ရှိ) ဇွန်လအလယ်လောက်ကတည်းက ပြည်တွင်းအမှတ်ပေးချန်ပီယံဆုကိုလည်း စောစောစီးစီး ပိုင်ဆိုင်လိုက်တာဖြစ်လို့ ဖိ်အားလည်းကောင်းနေမှာပါ။ အသင်းမှာကလည်း လီဝန်ဒေါစကီးလို ပွဲတိုင်းနီးပါး ဂိုးသွင်းယူတတ်တဲ့ ကစားသမားမျိုးကို ပိုင်ဆိုင်ထားတာဖြစ်လို့ ပြိုင်ဘက်အသင်းတွေထက် ခေါင်းတလုံးသာနေရသလို ရှေ့လယ် နောက် နေရာစုံမှာ ကစားသမားကောင်းတွေကို ကလပ်အသင်း(၂)သင်းစာလောက် ပိုင်ဆိုင်ထားတာကလည်း ဘိုင်ယန်ရဲ့အားသာချက်ပါ။ ဘိုင်ယန်က ဖလား(၃)လုံးချန်ပီယံကို သူတို့အသင်းရဲ့သမိုင်းတလျှောက် ၂၀၁၂-၂၀၁၃ ဘောလုံးရာသီတုန်းက ပထမဆုံးအကြိမ် ပိုင်ဆိုင်ခဲ့ဖူးတာဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း အဲ့ဒီတုန်းကလို ပုံစံတူ အောင်မြင်မှုတွေ ထပ်မံရယူနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။