စပိန် အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းကတော့ သူတို့အသင်းရဲ့ ဂျာမန် လက်ရွေးစင် ဂိုးသမားဖြစ်တဲ့ တာစတီဂျန်ကို ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းထံ ရောင်းချဖို့ စဉ်းစားနေကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ဘာစီလိုနာ အသင်းဟာ လက်ရှိမှာ အတော်လေး ဆိုးရွားတဲ့ ဘဏ္ဏာရေး ပြဿနာနဲ့ ရင်ဆိုင် နေရပြီး နိုဝင်ဘာလ ၅ရက်နေ့ မတိုင်မီ ကစားသမားတွေကို ပေးချေနေရတဲ့ လုပ်ခလစာ ပမာဏထဲက ပေါင် ၁၉၀သန်းခန့်ကို လျှော့ချနိုင်ခြင်း မရှိပါက လာမယ့် ဘဏ္ဏာရေးနှစ်မှာ ဒေဝါလီ ခံရမယ့် အခြေအနေမှာ ရှိနေပါတယ်။

Photo Credit: Metro

ဒါ့ကြောင့် လက်ရှိ ဘာစီလိုနာ အသင်းရဲ့ ယာယီ ဘုတ်အဖွဲ့ဟာ ဘာစီလိုနာ အသင်းရဲ့ ဘဏ္ဏာရေး အင်အား ပြန်လည် တည်ငြိမ် လာစေရန် အစွမ်းကုန် ကြိုးစားနေပြီး အခြေအနေများ ဆိုးရွားလာပါက အသင်းမှာ ရှိတဲ့ ကြယ်ပွင့် ကစားသမားတွေထဲက တချို့ကို ရောင်းချပြီး ငွေကြေးတချို့ ပြန်လည် ရရှိအောင် လုပ်ဆောင်နိုင်ကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အဆိုပါ ကြယ်ပွင့် ကစားသမားတွေထဲမှာ တာစတီဂျန်လည်း ပါဝင်နေပြီး ဘိုင်ယန်မြူးနစ် အသင်းဟာ သူတို့အသင်းရဲ့ ဝါရင့် ဂျာမန် လက်ရွေးစင် ဂိုးသမား နူအာရဲ့ နေရာအတွက် ရေရှည် အစားထိုးမှု အဖြစ် တာစတီဂျန်ကို ခေါ်ယူချင် နေတာလည်း ဖြစ်ပါတယ်။

Photo Credit: Metro

တာစတီဂျန်ဟာ မကြာသေးမီကမှ ဘာစီလိုနာ အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုထားသူ ဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ် အသင်းဟာ သူ့ကို ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း အထိ ပေးချေကာ ခေါ်ယူဖို့ အသင့်ရှိနေကြောင်း ဂျာမန်သတင်းဌာန အများစုရဲ့ ဖော်ပြချက် အရ သိထားရပါတယ်။ လက်ရှိမှာ အဆိုပါ သတင်းဟာ ကောလဟာလ အဖြစ်သာ ရှိသေးပေမယ့် ဘာစီလိုနာ အသင်းရဲ့ ခက်ခဲနေတဲ့ ဘဏ္ဏာရေး အခြေအနေ ၊ အသက်အရွယ် ရလာတဲ့ ဂိုးသမား နူအာရဲ့ နေရာအတွက် ရေရှည် အစားထိုးမှုအဖြစ် တာစတီဂျန်ကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တဲ့ ဘိုင်ယန်မြူးနစ် ၊ ဂျာမန်သားတို့ရဲ့ ထုံးစံအတိုင်း မွေးရပ်မြေကို ပြန်ဖို့ စိတ်ကူးရှိဖူးတဲ့ တာစတီဂျန်ရဲ့ အနေအထားကို ချိန်ဆ ကြည့်မယ်ဆိုရင်တော့ အတော်လေး ဖြစ်လာနိုင်ချေများတဲ့ အပြောင်းအရွှေ့ တစ်ခုပဲ ဖြစ်ပါတယ်။