ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ အင်အားအကြီးမားဆုံး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ သူတို့ရဲ့ပြိုင်ဘက် လိုက်ပ်ဇစ်အသင်းရဲ့ နောက်ခံကစားသမား ဒေးယော့အူပါမယ်ကာနိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပြီး နောက်တစ်ရက်အကြာမှာပဲ ချန်ပီယံရှစ်ကလပ် နောဝစ်ချ်စီးတီးအသင်းရဲ့ ညာနောက်ခံကစားသမားလေး မက်စ်အာရွန်စ်ကိုပါ ထပ်မံခေါ်ယူသွားဖို့ပါ ပြင်ဆင်လာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၁)နှစ်အရွှယ်သာရှိသေးတဲ့ အင်္ဂလန်နောက်ခံအစွန်လူ မက်စ်အာရွန်စ်ဟာ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းကတည်းက ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့သူဖြစ်သလို မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတွေကလည်း ပစ်မှတ်ထားခဲ့ရတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီကစားသမားလေးကို ဘိုင်ယန်မြူးနစ်အသင်းဘက်ကနေ ခေါ်ယူဖို့အတွက် ပြင်ဆင်လာခဲ့ပြီဖြစ်သလို လာမယ့်နွေစျေးကွက်အတွင်းမှာပဲ အရခေါ်ယူဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

လက်ရှိ ဥရောပရဲ့ အကောင်းဆုံးကလပ်အသင်းတစ်သင်းဖြစ်နေတဲ့ ဘိုင်ယန်ဟာ မနေ့ကပဲ လိုက်ပ်ဇစ်အသင်းရဲ့ အသက်(၂၂)နှစ်အရွှယ် ပြင်သစ်နောက်ခံကစားသမား အူပါမယ်ကာနိုကို တခြားသော ထိပ်သီးကလပ်အသင်းတွေထက် လက်ဦးမှုရယူကာ ခေါ်ယူနိုင်ခဲ့ပြီး အင်္ဂလန် ချန်ပီယံရှစ်ကလပ် ရက်ဒင်းအသင်းမှာ ခြေစွမ်းပြနေတဲ့ ဘယ်နောက်ခံကစားသမားလေး အိုမာရစ်ချက်စ်ကိုလည်း လာမယ့်နွေမှာ ခေါ်ယူဖို့အတွက် အကြိုသဘောတူညီမှု ရယူထားခဲ့ပါတယ်။ အခုလည်း ပရီးမီးယားလိဂ်ကလပ်အသင်းများစွာရဲ့ ပစ်မှတ်ဖြစ်နေတဲ့ မက်စ်အာရွန်စ်ကိုပါ ထပ်မံအရခေါ်ယူသွားဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဒီကြိုးပမ်းမှု မအောင်မြင်ခဲ့ဘူးဆိုရင်လည်း ချယ်လ်ဆီးလူငယ်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိဘရိုက်တန်အသင်းမှာ ပါဝင်ကစားလို့နေတဲ့ အင်္ဂလန်ညာနောက်ခံလူ လမ်တေးကိုပါ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။ ဘိုင်ယန်အသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ခံစစ်ကစားသမား ဒေးဗစ်အလာဘာနဲ့ လမ်းခွဲတော့မှာဖြစ်ပြီး ဝါရင့်နောက်ခံလူ ဂျရုန်းဘိုတန်ကိုလည်း အသင်းကနေ ရောင်းချဖွယ်ရှိနေတာကြောင့် အရည်အသွေးမြင့် လူငယ်ခံစစ်ကစားသမားလေးတွေကို ပြန်လည်ခေါ်ယူနေတာလည်းဖြစ်ပါတယ်။