ဘိုင်ယန်မြူးနစ်အသင်းဟာ ယနေ့ညမှာ လိုင်ယွန်အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ရှုံးထွက် ပွဲစဉ် ကစားသွားရမှာ ဖြစ်တာကြောင့် အဆင်သင့် ဖြစ်နိုင်ဖို့အတွက် တည်းခိုနေကြတဲ့ ဟိုတယ်ရဲ့ ခန်းမထဲမှာ အသင်းလိုက် လေ့ကျင့်ခန်းတွေကို သီးခြား ပြုလုပ်သွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ နည်းပြ ဟန်ဆစ် ဖလစ်ခ်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ် ကစားခဲ့စဉ်က ပြိုင်ဘက် ဘာစီလိုနာအသင်းကို ဂိုးပြတ် (၈-၂) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ်ကို ထိုက်ထိုက်တန်တန် တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိ ပေါ်တူဂီနိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ လစ္စဘွန်းမြို့မှာ ရှိနေပြီး ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ဟိုတယ်ရဲ့ ပြင်ပကို သွားဖို့ အချိန် အကန့်အသတ်ရှိတာကြောင့် တည်းခိုနေကြတဲ့ ဟိုတယ်ရဲ့ ခန်းမထဲမှာပဲ လ့ကျင့်ရေးတွေကို ပြုလုပ်သွားကြတာ ဖြစ်ပါတယ်။  Dailymail သတင်းကတော့ ဘိုင်ယန်အသင်းဟာ ဟိုတယ်ရဲ့ ခန်းမထဲ လေ့ကျင့်ရေး ဆင်းကြတဲ့ အချိန်မှာ နေရာ အကျယ်အဝန်း အခက်အခဲ ရှိတာကြောင့် ဘောလုံးပေးပို့မှု၊ ဘောလုံး တစ်ချက် ထိန်းမှု နဲ့ ဆွဲပြေးမှု အနည်းငယ်ကို ပြုလုပ်နိုင်ခဲ့ကြတယ်လို့ ဖော်ပြသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဘိုင်ယန်မြူးနစ်အသင်း နဲ့ လိုင်ယွန်အသင်းဟာ ယနေ့ည ကစားသွားကြမယ့် ကွင်းထဲမှာ လေ့ကျင့်ရေး ဆင်းခွင့် မရှိဘူးလို့ ဥရောပ ဘောလုံး အဖွဲ့ချုပ်က ကန့်သတ်သွားခဲ့တာကြောင့် ဘိုင်ယန်အသင်းကတော့ မနက်ပိုင်း လေ့ကျင့်ရေး အစီအစဉ်ကို ဟိုတယ်ရဲ့ ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။  ဘောလုံး အဖွဲ့ချုပ်ဟာ ချန်ပီယံလိဂ် ပွဲစဉ်အတွက် စည်းမျဉ်းစည်းကမ်းတွေကို အသေးစိတ် ရေးဆွဲခဲ့တာ ဖြစ်ပြီး ကစားသမားတွေအနေနဲ့ ဟိုတယ်ရဲ့ ပြင်ပကို သွားဖို့ လိုအပ်တဲ့ အခါမှာ အသင်းရဲ့ သဘောတူညီမှု မရှိဘူး ဆိုရင် ဟိုတယ် ပြင်ပကို သွားလို့ မရဘူးလို့ ရေးဆွဲမှု ရှိပါတယ်။   ကစားသမားတွေဟာ ဟိုတယ်မှာ အစာစားတဲ့ အချိန်မှာလည်း ကိုယ်ပိုင် သီးသန့် နေရာ ကိုယ်စီ ရှိကြပြီး ကစားသမားတွေကို အစားအသောက် ဝန်ဆောင်မှု ပေးတာက ဟိုတယ် ဝန်ထမ်းတွေ မဟုတ်ဘဲ သက်ဆိုင်ရာ အသင်းကိုယ်စီရဲ့ အသင်းဝန်ထမ်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။